ဘိုးရင်း 777 နဲ့ အလေးချိန်တူတဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီး

ဓမ္မစေတီ ခေါင်းလောင်း အလေးချိန်က ၂၉၄ တန် လို့ သိရပါတယ်။ အဲဒါဟာ ဧရာမဂျက်လေယာဉ်အမျိုးအ စားဖြစ်တဲ့ ဘိုးရင်း 777 လေယာဉ်ကြီးတစီး အများဆုံး သယ်ဆောင်နိုင်တဲ့ အလေးချိန်နဲ့ သွားပြီး တူညီနေ တယ်လို့ AFP သတင်းတပုဒ်ထဲမှာ ဒီကနေ့ ရေးထားပါတယ်။

ခေါင်းလောင်းဆယ်ယူရေး လုပ်ငန်းခွင်ကို အဝေးကနေ မှန်ပြောင်းနဲ့ လှမ်းကြည့်နေသူတဦး (ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)
ဂျက်လေယာဉ်ကြီးလိုပဲ လေးလံတဲ့ ခေါင်းလောင်းကြီးကို မည်သည့်အချိန် တွေ့မည်၊ မည်သို့ ရှိနေသည်၊ မည်သို့ ဆယ်ယူမည် ဆိုတာတွေက မဖြေနိုင်တဲ့ မေးခွန်းများပါပဲ။ ခေါင်းလောင်း တကယ်ပဲ အဲဒီနေရာတ ၀ိုက်မှာ ရှိမှ ရှိရဲ့လား ဆိုတာကလည်း ခုချိန်ထိ အငြင်းပွားစရာ ဖြစ်နေပါမယ်။

လတ်တလော ရှာဖွေရေးအဖွဲ့က တွေ့ပြီလို့ဆိုထားတဲ့ ခေါင်းလောင်းကြီးက ခေါင်းလောင်းလေး ၊ ခေါင်း
လောင်းလတ် ဖြစ်နေမလား၊ တခြားသော အရာခပ်ကြီးကြီးတခု ဖြစ်မလား၊ သို့တည်းမဟုတ် ဝိုင်းဝန်း
သောအရာတခုခုများ ဖြစ်မလား ဆိုပြီး ထင်ကြေး မျိုးစုံ ထွက်နေတာပါ။

နှစ်ပေါင်းများစွာ ရေထဲရောက်နေတဲ့ ဓမ္မစေတီခေါင်းလောင်းကြီးလည်း ဖြစ်နိုင်တာပဲလို့ တွေးသူလည်း ရှိပါမယ်။

ရှာဖွေရေးလုပ်ငန်းကို တချို့က အလေးအနက်ထားနေပေမယ့် တချို့ကတော့ ဒါဟာ ထွင်လုံးတမျိုးလို့ ယူ ဆနေကြတာပါ။

ဒီခေါင်းလောင်းကြီးကို ရှာဖွေဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ကြပါဘူး။လောလောဆယ်မှာ ရှာဖွေရေးအစီအစဉ်တခု လုပ်နေတာ ရက်အနည်းငယ် ကြာသွားပါပြီ။

ထူးခြားချက်တခုကတော့ ခေါင်းလောင်းရှာဖွေရေးအဖွဲ့က … ဒီခေါင်းလောင်းကို နဂါးတွေ စောင့်ရှောက် ထားတယ်ဆိုတဲ့သဘော ကြေညာချက် ထုတ်လိုက်ခြင်းပါပဲ။

ခေါင်းလောင်းရှာဖွေရေးသတင်းကို စိတ်ဝင်စားမှု ကြီးမားလွန်းတဲ့အတွက် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကဲ့ သို့သော နိုင်ငံရေးသတင်းတွေက ပိစိကွေး ဖြစ်သွားပါတော့တယ်။

အွန်လိုင်းမှာလည်း ဒီခေါင်းလောင်းရှာဖွေမှုသတင်းတွေ၊ ပြောဆိုချက်တွေနဲ့ ပြည့်နေပါတယ်။ ဒါ့အပြင်
နဂါးရဲ့ဖုန်းနံပတ် ရချင်တဲ့အကြောင်း ရေးသားတာမျိုးတွေလည်း တွေ့ရမှာပါ။

လာမယ့်ရက်တွေမှာလည်း ဒီအကြောင်းကိုပဲ ပြောဆိုနေကြဦးမယ်လို့ ယူဆရပါတယ်။

ဧရာဝတီ

မှတ်ချက်များ