ခရီးသွားဆွဲ ဆောင်ရန် အင်းလေး-လွိုင်ကော်ခရီးကို ရေကြောင်း လမ်းအဖြစ် မိုးဗြဲကန်ကို ဖြတ်သန်း ခွင့်ပြုမည်
ခရီးသွားဆွဲဆောင်နိုင်ရေးအတွက် အင်းလေးဒေသမှ မိုးဗြဲရေလှောင်ကန်ကို လှေဖြင့်ဖြတ်သန်းကာ လွိုင်ကော်သို့ တိုက်ရိုက်သွားနိုင်မည့် ခရီးစဉ်သစ်များကို စီစဉ်နေသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က မဇ္စျိမကို ပြောသည်။
ယခုအချိန်တွင် အင်းလေးဒေသ ညောင်ရွှေမှ ကယားပြည်နယ် လွိုင်ကော်ဒေသသို့ သွားရောက်ရာတွင် အင်းလေး၊ ဖယ်ခုံအထိသာ ရေလမ်းခရီးဖြင့်သွားလာနိုင်ပြီး ဖယ်ခုံမှတစ်ဆင့် လွိုင်ကော်သို့ ကုန်းလမ်း ခရီးဖြင့် သွားရောက်ရလျက်ရှိရာ ခရီးထောက်နေသည့်အတွက် ရေလမ်းကြောင်းဖြင့် တိုက်ရိုက်သွား လာနိုင်ရန် စီစဉ်လာခြင်းဖြစ်သည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ ပြည်ထောင်စုဝန်ကြီး ကိုယ် တိုင်ရေလှောင်ကန် ကိုရောက်သွားတော့ ဒီကန်ကြီးဖွင့်ပေးမယ်ဆိုရင် ရေလမ်းခရီးက တောက်လျှောက် ပေါက်သွားမှာဖြစ်တဲ့အတွက် ခရီးစဉ်တွေပိုများလာနိုင်တယ်။ ဒီလို ဖွင့်လိုက်လို့ တခြားပြဿနာဘာ ရှိနိုင်မလဲ ကြည့်တော့ လည်းမရှိခဲ့ပါဘူး ” ဟု ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် သြဂုတ်လ ၁၀ ရက်တွင် ကယားပြည်နယ်သို့ရောက်ရှိစဉ် ဒေသခံခရီးသွားလုပ်ငန်းအသိုင်းအ၀ိုင်းများက မိုးဗြဲ ရေလှောင် ကန်ဖြတ်သန်းခရီးစဉ်ကို တင်ပြလာသည့်အတွက် ပြည်ထောင်စုဝန်ကြီး သည် မိုးဗြဲရေလှောင် ကန်၏ တာ ၀န်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း (ကယားဇုန်)၊ ဥက္ကဋ္ဌ ဦးဌေးအောင်က “ ရေလှောင်ကန်ဖွင့်လိုက်ရင် အင်းလေးကနေ လွိုင်ကော်ကို တိုက်ရိုက်လာလို့ရမှာဆိုတော့ ဧည်သည့်တွေက ရှုခင်းတစ်ခုအနေနဲ့ ကြိုက် မှာပေါ့။ ခရီးသွားဧည့်သည်လည်း ပိုများလာပြီး ကယားပြည်နယ်ခရီးသွားလုပ်ငန်း ပိုဖွံ့ဖြိုးလာနိုင် မယ်” ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ်၌ လွိုင်ကော်သို့ နိုင်ငံခြား ခရီးသွား ၇၀၀ ကျော် လာရောက်ခဲ့ကာ ယခုနှစ်မကုန်ခင်အထိ ခရီးသွားတစ်ထောင် ကျော်အထိလာရောက်မှု မြင့်တက်နေပြီး လွိုင်ကော်တွင် ဟိုတယ်တစ်လုံး၊ မိုတယ် တစ်လုံး၊ ဧည့်ရိပ်သာ လေးလုံးရှိသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေသူ အင်းလေးဒေသခံ ဟိုတယ်လုပ်ငန်းရှင် ဦးအောင်ကျော်မိုးက “အရင်ကလည်း ဒီလမ်းကြောင်းကို သွားဖူးပါတယ်။ ရေလှောင်ကန်ကို ဖြတ်သွားတဲ့ အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိနိုင်ဘူး” ဟု ဆိုသည်။
ကယားပြည်နယ်သည် ခရီးစဉ်ဒေသသစ်အဖြစ် အလားအလာကောင်းမွန်သည့် ဒေသတစ်ခုဖြစ်ပြီးဒေသ ခံတိုင်းရင်း သားလူမျိုးစုများနှင့် သဘာဝအခြေခံခရီးသွား လုပ်ငန်းများအတွက် ရေခံမြေခံကောင်းသည်ဟု ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။
၁၉၉၄-၉၅ ခုနှစ်တွင် အင်းလေးဒေသမှ လွိုင်ကော်ဒေသသို့ ရေလမ်းခရီးဖြင့် ဖြတ် သန်းသွားရောက်နိုင် ခဲ့ သော်လည်း ၉၅-၉၆ ခုနှစ်ခန့်တွင် နယ်မြေဒေသလုံခြုံရေး အခြေအနေများကြောင့် ရေလှောင်ကန်ကို ပိတ် ထားခဲ့သည်ဟု ဒေသခံခရီးသွားလုပ် ငန်းရှင်များက ပြောသည်။
သီဟကိုကို | mizzima

မှတ်ချက်များ