တရုတ်- မြန်မာ စီမံကိန်းများအပေါ် အမြင်ကွဲနေမှု ဖြေရှင်းရန်လိုဟု တရုတ်နိုင်ငံသံအမတ်ကြီးပြော
ယခု သီတင်းနှောင်းပိုင်းတွင် ထွက်ရှိလာမည့် Mizzima Business Weekly စာစောင်အတွက် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် မြစ်ဆုံစီမံကိန်းကို မြန်မာပြည်သူများ၏ ကန့်ကွက်မှုကြောင့် သမ္မတဦးသိန်းစိန်က လက်ရှိအစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားမည်ဆိုသည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သံအမတ်ကြီး အား မေးမြန်းရာတွင် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မြောက်ဘက်ရှိ ဧရာဝတီမြစ်ကြောင်းပေါ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံရင်းနှီးမြှုပ်နှံမည့် အဆိုပါစီမံကိန်းကို မြန်မာနိုင်ငံမှ Asia World ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ ChinaPower Investment Corporation ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ် သည်။ မြန်မာနိုင်ငံတွင်းမှ စီမံကိန်းအချို့နှင့် ပတ်သက်၍ ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို တရုတ်အစိုးရက နားလည်ပါကြောင်း ယန်က ပြောကြားသည်။
“လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ဖို့ နှစ်နိုင်ငံအစိုးရတွေအနေနဲ့ ဆွေးနွေးမှုလုပ်ငန်းစဉ်တစ်ရပ် ထူထေင် ဖို့ လိုအပ်နေပါပြီ”ဟု ၎င်းက ပြောကြားသည်။
“အစိုးရပြောင်းပေမယ့် အရင်အစိုးရ လက်ထက်က လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တွေကိုတော့ မပြောင်းလဲသင့်ပါဘူး” ဟု မြန်မာစစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော နားလည်မှု စာချွန်လွှာကို ရည်ညွှန်း၍ ယန်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အဲဒီကိစ္စကို လျော်ကန်သင့်မြတ်တဲ့နည်းနဲ့ ပြေလည်အောင် ဘယ်လိုအဖြေရှာကြမလဲ”ဟု ယန်က မေးခွန်းထုတ်ခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ဒီစီမံကိန်းကို ပြန်စလိုတယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ ပူးပေါင်းပြီး အဖြေတစ်ခုရှာ ဖို့ ပြောနေခြင်းသာဖြစ်ပါတယ်။ China Power Investment အနေနဲ့လည်း ဆုံးရှုံးမှုတွေ အများကြီးဖြစ်နေပါ တယ်။ ဒီစီမံကိန်း ပြန်စသည်ဖြစ်စေ၊ မစသည်ဖြစ်စေ ပြည်သူတွေရဲ့သဘောထားအမြင်ကို လေးစားရမှာပါ” ဟု ၎င်းက ပြောကြားသည်။
China Power Investment သည် အဆိုပါစီမံကိန်းတွင် ဒေါ်လာ နှစ်ဘီလီယံခန့် မြှုပ်နှံထားပြီးဖြစ်ကာ စီမံ ကိန်းနယ်မြေမှ ဒေသခံများအတွက် ဆေးရုံ တစ်ရုံ၊ စာသင်ကျောင်း တစ်ကျောင်းနှင့် အိမ်များ ဆောက် လုပ်ပေးပြီးဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားသည်။
“ဒီကုမ္ပဏီအနေနဲ့ ဒေသခံတွေအတွက် ဖွံ့ဖြိုးရေးစီမံကိန်းတွေ အများကြီးလုပ်ဆောင်ထားသလို ငွေကြေး အမြောက်အမြားလည်း သုံးစွဲထားပါတယ်”ဟု ယန်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုသည် ကြီးမားသည့် ပြဿနာ တစ်ခုဖြစ်ကြောင်းနှင့် ပတ်သက်၍ “လျှပ်စစ်မီးမရှိဘဲနဲ့ စက်မှုလုပ်ငန်းတွေ ထူထောင်ဖို့ မဖြစ်နိုင်ပါဘူး။ ရေအားလျှပ်စစ်ဟာ တခြား စွမ်းအင်ရင်းမြစ်တွေထက် သဘာဝပတ်ဝန်းကျင်နဲ့ အကိုက်ညီဆုံးဖြစ်ပါတယ်”ဟု ယန်က ပြောကြားသည်။
သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု နှင့် မြေယာလိုအပ်မှုအပေါ် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို ဖြေ ရှင်းပေးရန် လိုအပ်နေကြောင်း ယန်က ပြောကြားသည်။
“ပြည်သူတွေအနေနဲ့ လမ်းကြောင်းမှန်ကို ရောက်ရှိဖို့ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်ပေးဖို့ လိုနေပါ ပြီ။ ပြည်သူတွေကို ရွေးချယ်ခွင့်ပေးတာကလွဲလို့ တခြားနည်းလမ်းမရှိပါဘူး”ဟု ၎င်းက ပြောကြားသည်။
နားလည်မှု လွဲမှားခြင်းများ ရှင်းလင်းသွားစေရန် မြန်မာအစိုးရကလည်း တစ်စုံတစ်ရာ ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ယန်က ပြောကြားသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား ဖောက်လုပ်မည့် အမြန်ရထား လမ်းစီမံကိန်းကို ပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ထားပါသလားဟု သံအမတ်ကြီးယန်အား မဇ္ဈိမ က မေးမြန်းမှုအပေါ် ၎င်းက “ကျွန်တော်တို့ကတော့ ပြည်သူတွေရဲ့ အမြင်သဘောထားကို လေးစားမှာပါ” ဟု ပြောကြားသည်။
အဆိုပါ စီမံကိန်းသည် သဘောတူစာချုပ်ပါစည်းကမ်းများအတိုင်း သုံးနှစ်အတွင်း မပြီးစီးနိုင်သောကြောင့် စာချုပ်သက်တမ်းကုန်သွားပြီဟု မြန်မာဘက်က ယခုနှစ် အစောပိုင်းက ဆုံးဖြတ်ခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ဒီရထားလမ်းစီမံကိန်းကို ပြန်စချင်တယ်ဆိုရင် မြန်မာပြည်သူတွေနဲ့ အစိုးရ ရဲ့ ထောက်ခံမှု လိုအပ်နေပါတယ်”ဟု ယန်က ပြောကြားသည်။
“ပြည်သူတွေက ဒီစီမံကိန်းကိုလည်း ကန့်ကွက်နေတယ်ဆိုတာ မီဒီယာသတင်းတွေကနေ တစ်ဆင့် သိရပါ တယ်။ ဒီအပေါ်မှာ ကျွန်တော် သံသယနည်းနည်းဝင်နေပါတယ်။ ကျွန်တော် နိုင်ငံအများအပြားမှာ တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။ ဒီလိုစီမံကိန်းမျိုးကို ဆန့်ကျင်ကန့်ကွက်တဲ့ ပြည်သူတွေကို မကြုံခဲ့ရပါဘူး။ ဒီခေတ်ကြီးမှာ အထီးကျန်နေလို့ တိုးတက်မှုရှိနိုင်မှာ မဟုတ်ပါဘူး”ဟု ယန်က ဖြေဆိုခဲ့သည်။
mizzima

မှတ်ချက်များ