ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မကွေးတိုင်းအတွင်း ကျေးရွာပေါင်း ၂၀ ခန့် ကမ်းပြိုမှု အဓိကရင်ဆိုင်နေရ

ကမ်းပြိုမှုကြောင့် ပြိုကျခဲ့သော စလင်းမြို့နယ် ဘိုကုန်းကျေးရွာ ရွာဦးကျောင်းအုတ်ခုံကို သြဂုတ် ၇ ရက်က တွေ့ရစဉ်
ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေတက်ချိန်ကျချိန်တိုင်း ဖြစ်ပေါ်လေ့ရှိသော ကမ်းပြိုမှုများအနက် မကွေးတိုင်းအတွင်း ချောက်မြို့၏အောက်ဘက်မှ မင်းဘူးမြို့အထက်ဘက် အကြားရှိ ကျေးရွာပေါင်း၂ဝ ခန့် ကမ်းပြိုမှုကို အဓိကရင်ဆိုင်နေရပြီး ဘုန်းတော်ကြီးကျောင်းအပါအဝင် နေအိမ်များရွှေ့ပြောင်းရမှု၊ ဧကသောင်းနှင့်ချီသော စိုက်ပျိုးမြေများ ဆုံးရှုံးရမှုများကြောင့် ထိရောက်သော ကြိုတင်ကာကွယ်မှုများ လိုအပ်နေကြောင်း ကမ်းပြိုမှု ကြုံတွေ့နေရသူ ဒေသခံများထံမှ သိရသည်။

ဧရာဝတီမြစ်ကမ်းဝဲယာရှိ မကွေးတိုင်း စလင်းမြို့နယ် ရေပေါ်ကျွန်း၊ ဘိုကုန်း၊ ကြူတော၊ ရေလယ်ရွာ၊ ဆင်မကျွန်းကျေးရွာများ၊ ရေနံချောင်းမြို့နယ် ကျမ်းကိုင်ကျွန်း၊ ဘူးကျွန်း၊ ဖရဲကျွန်းကျေးရွာများ၊ ပွင့်ဖြူ မြို့နယ် ဝက်မစွပ်၊ ခုံစု၊ ရှားတော ကျေးရွာများနှင့် မင်းဘူး(စကု)မြို့နယ် နိဗ္ဗာန်ကျွန်းကျေးရွာနှင့် ဆက် စပ်ကျေးရွာများတွင် ယခုနှစ်မြစ်ရေ စတက်ချိန် ဇွန်လပိုင်းမှစ၍ ကမ်းပြိုမှုကြောင့် ဘုန်းတော် ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ရွှေ့ပြောင်းခဲ့ရကြောင်း ထိုရွာများမှ စိုက်ပျိုးရေးအတွက် အမှီပြုရသည့် စိုက်ပျိုးမြေများလည်း ဧကသောင်းနှင့်ချီ၍ ကမ်းပြိုပျက်စီးခဲ့ရသောကြောင့် ကမ်းပြိုမှုကို ထိရောက်စွာ ကြို တင်ကာကွယ်နိုင်မည့် စီမံကိန်းများ လိုအပ်နေကြောင်း ဒေသခံတောင် သူများက ဆိုသည်။

“ကမ်းပြိုမှုကြောင့် ဘုန်းဘုန်းတို့ကျောင်းကို အရင်နှစ်က စပြောင်းရတယ်။ အခုနှစ်မှာ နှစ်ကြိမ်ပြောင်းထားရ ပါပြီ။ ကျေးရွာစာသင်ကျောင်းလည်း အရင်နှစ်က ပြောင်းခဲ့ရတယ်။ စာသင်ကျောင်းအတွက်တော့ မြို့နယ် က ကျပ် ၁၅ သိန်း ထောက်ပံ့ပေးတယ်။ ကမ်းပြိုတာကို ထိထိရောက်ရောက် ကာကွယ်နိုင်မယ့် စီမံချက်တွေ ရှိမှ ဒီလိုကမ်းပြိုတိုင်း ရွှေ့ပြောင်း နေရတဲ့အဖြစ်က လွတ်မြောက်နိုင်မှာပါ”ဟု စလင်းမြို့နယ် ဘိုကုန်းကျေး ရွာ ရွာဦးကျောင်း ဆရာတော်က မိန့်ကြားသည်။

အဆိုပါကမ်းပြိုမှုများနှင့် ပတ်သက်၍ မကွေးတိုင်းရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဌာန ဦးစီးမှူးထံ ဩဂုတ် ၇ ရက်က The Daily Elevenသတင်းစာမှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့ဌာန အနေဖြင့် ကမ်းပြိုမှုများအတွက် ဆောင်ရွက်ပေးရန် အထက်သို့ တင်ပြထားကြောင်း၊ မည်သည့်အရာ များ ပြုလုပ်ပေးမည်ကို ကြိုတင်မပြော လိုသေးကြောင်းနှင့် ယခင်က၎င်းတို့ ဆောင်ရွက်ပေးခဲ့သည် များလည်းရှိပြီး ဒေသခံများကို မေးမြန်းကြည့်နိုင်ကြောင်း ဖြေကြားခဲ့သည်။

“ဦးလေးတို့ရွာက ကမ်းပြိုတဲ့နေရာမှာ နွေတုန်းက ရေကြောင်းဌာနကနေ မျောတိုင်ရေကာတစ်ခု ဆောက်ေ ပးခဲ့တယ်။ အဲဒီရေကာက အခုရေအောက်ရောက်နေပြီး ကမ်းပြိုတာက အဲဒီရေကာကိုကျော်လာပြီ။ နောက် ထပ် ဦးလေးတို့ ကျေးရွာအုပ်စုအတွက် သဲထည့်ဖို့အိတ်အလုံးရေ ၁၂ဝဝ ပေးတယ်။ ဦးလေးတို့ရွာက အလုံးရေ ၄ဝဝ ရတယ်။

ဘိလပ်မြေအိတ် အဟောင်းတွေပါ။ အဲဒီသဲအိတ်တွေကလည်း အခုကမ်းပြိုတဲ့အထဲ ပါသွားပြီ။ ကမ်းပြိုလို့ အိမ်ရွှေ့ရတဲ့ လူတွေအတွက် ရွာကစုပေါင်းလှူတဲ့ ငွေကလည်း မလောက်တော့ပါဘူး။ ဒီလိုသာကမ်းပြို တာတွေကို မတားဆီးနိုင်ရင် ဦလေးတို့ရွာတွေက နေစရာမြေမရှိ၊ စိုက်စရာမြေမရှိတဲ့ အဖြစ် ရောက်တော့ မှာပါ။ ဒါကြောင့် ကျောက်စီရေကာ ဆောက်တာမျိုးဖြစ်ဖြစ်တယ်။ ထိရောက်တဲ့စီမံချက်တွေနဲ့မှ ရေရှည်အ ဆင်ပြေမှာပါ” ဟု စလင်းမြို့နယ် ဘိုကုန်းကျေးရွာမှ တောင်သူ ဦးကံလှိုင်က ဆိုသည်။

အောင်သူငြိမ်း | EMG



မှတ်ချက်များ