မြန်မာအစိုးရအပေါ် မျက်ကန်းယုံကြည်မှုမျိုးနှင့် ဆက်ဆံနေခြင်းမဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ-အေအက်ဖ်ပီ)
မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အပြောင်းအလဲ အောင်မြင်ရေးအတွက် ရှေ့ဆက်လုပ်စရာ လုပ်ငန်းပေါင်း များစွာ ကျန်ရှိနေသေးကြောင်းနှင့် မြန်မာအစိုးရအပေါ် မျက်ကန်းယုံကြည်မှုမျိုး ထားရှိဆက်ဆံနေခြင်း မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက သြဂုတ် ၁၀ ရက်ညနေပိုင်း က နေပြည်တော်၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

“မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်များအတွင်း သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော် နောက်ဆုံးလာခဲ့တဲ့ ၁၉၉၉ ခုနှစ်မှာဆို ဒေါ်အောင်ဆန်းစုကြည်ဆီကို သွားတွေ့တော့ သူမ ဟာ နေအိမ်အကျယ်ချုပ်နဲ့ နေနေရပါတယ်။ ဒီကနေ့မှာ သူမဟာ လွှတ်တော်ထဲကို ရောက်ရှိနေ ပြီ ဖြစ် ပါတယ်။ မြန်မာပြည်သူလူထုဟာ ငြိမ်းချမ်းပြီး စီးပွားရေးဖွံ့ဖြိုးတဲ့ ဒီမိုကရက်တစ် နိုင်ငံတစ်နိုင်ငံ ထူထောင်ချင်တယ်ဆိုတဲ့ သူတို့ရဲ့ လိုလားချက်ကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်။

ဒီလို အခြေအနေရောက်လာအောင် အသက်ပေါင်းများစွာ စတေးခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော် အသေအချာပြောချင်တာက တိုးတက်မှုတွေ ရှိနေသော်လည်းပဲ ရှေ့ဆက်လုပ်စရာ လုပ်ငန်းပေါင်းများစွာ ကျန်ရှိနေသေးတယ် ဆိုတာကိုပါ။ ကျွန်တော်နဲ့တွေ့ခဲ့တဲ့ ခေါင်းဆောင်တွေကလည်း ဒီအချက်ကို လက်ခံကြပါတယ်။ သူတို့အနေနဲ့ ဒီလိုမျိုးပဲ ဆက်လုပ်သွားဖို့ စိတ်လည်းရှိကြပါတယ်” ဟု ဂျွန်ကယ်ရီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မစ္စတာဂျွန်ကယ်ရီက မြန်မာအစိုးရအနေဖြင့် ဆယ်စုနှစ်နှင့်ချီ၍ ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်ပဋိပက္ခ၊ အရပ်ဘက်အဖွဲ့အစည်းများအား ပိုမိုနေရာပေးရန်၊ သတင်းမီဒီယာများအား အကာအကွယ်ပေးရန်၊ မြေယာ သိမ်း ကိစ္စရပ်များအား ဖြေရှင်းရန်၊ နိုင်ငံတွင်း လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ မဖြစ်ပေါ်အောင် အကာအကွယ်ပေးရန်၊ ပြည်သူတို့၏ အခွင့်အရေးကို တရားဥပဒေဖြင့် အကာအကွယ်ပေးရန်တို့မှာ စိန်ခေါ်မှု များအဖြစ် ရှိနေဆဲဖြစ်ကြောင်း ရည်ညွှန်းပြောကြားခဲ့သည်။

“ရခိုင်ပြည်နယ်နဲ့ အခြားနေရာတွေမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေဟာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ် မှုတွေ ဖြစ်ပေါ်စေပါတယ်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဆက်လက်တည်ရှိနေပါတယ်။ အခြေခံဥ ပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ အဲဒါတွေအားလုံးဟာ ရှေ့ဆက်ရမယ့် လမ်းကြောင်းအတွက် သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေ ဖြစ်နေစေပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးက ပြော ဆိုသည်။

မစ္စတာဂျွန်ကယ်ရီက လာမည့်နှစ်ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း အထူးပြုပြောဆိုသွားခဲ့ပြီး အဆိုပါရွေးကောက်ပွဲမှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အမှန်တကယ်စစ်မှန်မှု ရှိ၊ မရှိ ဆိုသည်ကို တစ်ကမ္ဘာလုံးက သိရှိသွားစေမည့်အချိန်ပင် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

“လာမယ့်နှစ် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့် ရရမယ်။ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ မျှတမှုရှိရမယ်၊ လူ တိုင်းစစ်ဆေးနိုင်ခွင့် ရှိရပြီး ၂၀၁၆ ခုနှစ်မှာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်မှုရှိဖို့ဟာ အလွန့်အလွန်ကို အရေးကြီးပါတယ်” ဟု ၎င်းက ပြောဆိုသည်။

သတင်းစာရှင်းလင်းပွဲအတွင်း မစ္စတာဂျွန်ကယ်ရီက ၎င်းအနေဖြင့် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များကို အမေရိကန်နိုင်ငံသို့ ဖိတ်ခေါ်ထားသည့်အချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပြီး လာရောက်ဖြစ်ပါ က အမေရိကန်နိုင်ငံရှိ ဥပဒေပြု လွှတ်တော်အမတ်များနှင့် တွေ့ဆုံပေးမည်ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ ပြု လုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အထောက်အပံ့ဖြစ်စေနိုင် မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

ဝန်ကြီး၏ ပြောဆိုချက်များနှင့် ပတ်သက်၍ ၀ါရှင်တန်ပို့စ်မှ သတင်းထောက်တစ်ဦးက မြန်မာနိုင်ငံ၏ အပြောင်းအလဲအပေါ် အမေရိကန်၏ ချဉ်းကပ်မှုမှာ အလျင်စလို နိုင်လွန်းနေသည်ဟု အမေရိကန် လွှတ်တော် အမတ်များ၏ ပြောကြားချက်ကို မည်ကဲ့သို့ ထင်မြင်ပါသနည်းဟု မေးမြန်းခဲ့ရာ မစ္စတာဂျွန် ကယ်ရီက တုံ့ပြန်ရာတွင် ၎င်းတို့အနေဖြင့် မြန်မာအစိုးရနှင့် ဆက်ဆံရာတွင် မျက်ကန်းယုံကြည်မှုမျိုးနှင့် ဆက်ဆံနေခြင်း မဟုတ်ကြောင်း၊ စိန်ခေါ်မှုများနှင့် ဖြေရှင်းရမည့် အရာများများစွာ ကျန်ရှိနေသေးသည်ကို အသေအချာသိပြီး အဆိုပါကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

“ရှင်းရှင်းလင်းလင်း တစ်ခုသိစေချင်တာက ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါမှာ မျက်ကန်းယုံကြည်မှုမျိုး နဲ့သော် လည်းကောင်း ဒါမှမဟုတ် အဖြစ်အပျက်တွေကို အသေအချာ မသိဘဲနဲ့သော် လည်းကောင်း လုပ်နေတာ မဟုတ်ပါဘူး။ ဖြေရှင်းရမှာတွေ အများကြီးရှိတယ်ဆိုတာ သိသလို အဲဒါတွေကိုလည်း ဆွေးနွေး မှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီရလဒ်တွေ ရဖို့အတွက် ဘယ်လိုလုပ်သင့်တယ်။

ဘယ်လိုဘယ်လိုလုပ် အမိန့်ပေး ပြောဆိုနေရုံနဲ့တော့ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဒါဟာ နိုင်ငံတစ်ခုပါ။ သူတို့မှာ သမိုင်းကြောင်းတွေ ရှိတယ်။ ကိုးကွယ်ယုံကြည်မှုနဲ့ ရိုးရာယဉ်ကျေးမှုတွေရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန် အစိုးရအဖွဲ့ဟာ အသေအချာ ကိုင်တွယ်ခဲ့တယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ပိတ်ဆို့မှုတချို့ကို လျှော့ချပေးခဲ့တယ်။ အားလုံးအဆင်ပြေနေပြီလို့ ကျွန်တော်မပြောပါဘူး။ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ ဘာကိုမှ မျက်ကန်းယုံကြည်တာမျိုးမလုပ်ဘဲ အသေအ ချာ ဂရုတစိုက်ပဲ ဆက်လုပ်သွားမှာပါ” ဟု ဖြေကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသည် သဘာဝသယံဇာတများ ကြွယ်ဝပြီး အလားအလာကောင်းများရှိသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာလူမျိုးများသာ သူတို့၏ မတူကွဲပြားမှုများအပေါ် ကျော်လွှားနိုင်မည်ဆိုပါ က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲမှာ အောင်မြင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ထိုကဲ့ သို့ ပြုလုပ်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုသည် မိတ်ဖက်တစ်နိုင်ငံ အနေဖြင့် အကူအ ညီ ပေး သွားမည်ဖြစ်ကြောင်း ဂျွန်ကယ်ရီက ပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းနှစ်ခုကိုသာ မေးခွင့်ပြု ခဲ့ပြီး ပြည်ပမီဒီ ယာအနေဖြင့် ဂျွန်ကယ်ရီနှင့် လိုက်ပါလာသော ၀ါရှင်တန်ပို့စ်သတင်းစာကို ပထမဆုံး မေးခွန်းမေးခွင့်ပေးခဲ့ သည်။ ဒုတိယမေးခွန်းအား ပြည်တွင်းမီဒီယာများထဲမှ 7 Day Daily ကို မေးစေခဲ့သည်။

ဝါရှင်တန်ပို့စ်သတင်းစာက မေးသောမေးခွန်းနှင့် 7 Day Daily မေးသော မေးခွန်းနှစ်ခုမှာ ယေဘုယျအားဖြင့် တူညီနေသဖြင့် မေးခွန်းတစ်ခုကိုသာ နှစ်ကြိမ်ပြန်ဖြေခဲ့သည့်သဘော သက်ရောက်ခဲ့ပါသည်။

သူရိန်လှိုင်ဝင်း | EMG

မှတ်ချက်များ