ကျားသစ်ကို ခုခံသတ်ဖြတ်ခဲ့သည့် အိန္ဒိယ အမျိုးသမီးကြီး အခြေအနေ တိုးတက်လာ
ရန်ပြုလာသည့် ကျားသစ်တစ်ကောင်ကို လယ်ယာမြေသုံး ထွန်ယက်စိုက်ပျိုးရေး ကိရိယာများဖြင့် ခုခံ သတ်ဖြတ်ရင်း ဒဏ်ရာများ ရရှိခဲ့သည့် အိန္ဒိယ အမျိုးသမီးကြီးတစ်ဦး၏ အခြေအနေသည် ယခုအခါ တိုး တက်မှုများ ရှိလာပြီဟု ဆေးရုံမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အသက်(၅၆)နှစ်ရှိ ကမ်လာဒီဝီသည် ကျားသစ်နှင့် နာရီဝက်ကြာမျှ အသက်လုပွဲ ဆင်နွှဲခဲ့ရပြီး သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ကိုက်ရာများ၊ ကုတ်ခြစ်ရာများစွာ ထင်ကျန်နေခဲ့သည်။ အတ္တာရက်ဟန်း ပြည်နယ် မြောက်ပိုင်းတွင် ရေခပ်သွားစဉ် ခြုံပုတ်တစ်ခုထဲမှ ကျားသစ်က ခုန်ထွက်လာကာ သူမကို ချောင်းမြောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ကမ်လာတွင် တံစဉ်တစ်ချောင်းနှင့် ဂေါ်ပြားတစ်လက်သာ ပါရှိခဲ့ပြီး သူမက ထိုအရာများကို လက်နက်အနေဖြင့် အသုံးပြုပြီး ခုခံခဲ့သည်။
“ကိုယ့်ကိုယ်ကိုယ် သေလူလို့ပဲ တွက်ထားမိတယ်။ ဒါပေမဲ့ ခုခံတိုက်ခိုက်နေတုန်း ကျွန်မ အတတ်နိုင်ဆုံး စိတ်ရှည်ရှည် ထားခဲ့တယ်။ ပြီးတော့ သတ္တိကိုလည်း မပျောက်သွားအောင် သတိထားခဲ့တယ်”ဟု ကမ်လာက ဆိုသည်။ ဆမ်နော်တီ ရွာလေးတွင် နေထိုင်သည့် ကမ်လာသည် တူးမြောင်းတစ်ခုတွင် ရေသွားခပ်စဉ် ဩဂုတ် (၂၄)ရက်က ကျားသစ်နှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
ကမ်လာက သူမသည် ကျားသစ်ကို တုံ့ပြန်တိုက်ခိုက်ရင်း သားစားသတ္တဝါကြီး၏ သွားအချို့ကို ကျိုးထွက် သွားအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း ဆိုသည်။ “ကျွန်မ ရှေ့ဆက်ပြီး တိုက်ခိုက်ခဲ့တယ်။ နာရီဝက်လောက် ကြာမယ်ထင်တယ်။ နောက်တော့မှ ဒီကောင်ကြီး သေသွားပြီဆိုတာကို ကျွန်မ သိလာတယ်”ဟု သူမက ဆရီနာဂါ ဂါဝါလ်ရှိ ဆေးရုံတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ဆရာဝန်များက သွေးအများ အပြား ထွက်ထားသည့် ဒဏ်ရာများ ရှိနေသော်လည်း ကမ်လာ ဆက်လက် အသက်ရှင်နိုင်ခဲ့သည့်အတွက် အံ့ဩနေကြသည်။
“သူ့ညာလက်မှာတင် နှစ်နေရာလောက် အရိုးကျိုးနေတယ်။ ဘယ်လက်မှာလည်း အရိုးတစ်ချောင်း အက်နေတယ်။ ခေါင်းနဲ့ ခြေထောက်မှာ နက်နက်ရှိုင်းရှိုင်း ဒဏ်ရာတွေ ရထားတယ်။ ခန္ဓာကိုယ်ပေါ်မှာလည်း ကိုက်ရာတွေ အများကြီးပဲ”ဟု ကမ်လာကို လက်ခံ ကုသပေးနေသည့် ဒေါက်တာ အက်ဘ်ဒူလ်ရာဟူလ်က ဆိုသည်။ ကမ်လာကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် ရွာသားတစ်ဦးဖြစ်သော ပန်ကက်ဂ်ျဘစ်က “သူက သိပ်သတ္တိရှိတာပဲ။ တံစဉ်တစ်ချောင်းနဲ့ ကျားသစ်ကို ခံချခဲ့တာပါ”ဟု ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကျားသစ်တိုက်ခိုက်မှုကြောင့် အတ္တာရက်ဟန်းတွင် အမျိုးသမီးတစ်ဦး သေဆုံးပြီး အနီးရှိ ရူဒရာပရေယက် ဒေသတွင်လည်း တစ်ဦး ဒဏ်ရာရခဲ့သည်။ အဆိုပါ ဒေသတွင် လူအ များ၏ နေထိုင်မှု ဧရိယာ တိုးချဲ့လာခြင်းကြောင့် ကျားသစ်များ၏ စားကျက်မြေ ကျဉ်းမြောင်းလာပြီး လူသားများနှင့် ထိတွေ့မှု ပိုမို မြင့်တက်လာကြောင်း သိရှိရသည်။
BBC

မှတ်ချက်များ