အီဘိုလာရောဂါ ဟုတ်မဟုတ် ဓာတ်ခွဲစစ်ဆေးရန် ခွင့်ပြုချက်စောင့်ဆိုင်းနေ

ရန်ကုန်လေဆိပ်မှာတွေ့တဲ့ အီဘိုလာရောဂါ သံသ ယလူနာမှာ ငှက်ဖျားရောဂါတွေ့ထားပြီး အီဘိုလာ ဟုတ်၊ မဟုတ် ဓာတ်ခွဲနိုင်ဖို့ အပြည်ပြည်ဆိုင် ရာ လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ (IATA) ရဲ့ ခွင့်ပြု ချက်စောင့်ဆိုင်းနေတယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနက ပြောပါတယ်။

ဝေဘာဂီ အထူးကုဆေးရုံ မှာ စောင့်ကြပ်ကြည့်ရှုနေ တဲ့ အီဘိုလာရောဂါ သံသယ လူနာမှာ ငှက်ဖျားပိုး ၂ မျိုး တွေ့ထားပြီး သူ့ကို ကူညီလိုက်ပါလာတဲ့ မိတ်ဆွေ ၄ ဦးမှာတော့ ဘာရောဂါမှ မတွေ့ဘူးလို့ ကျန်းမာရေး ၀န်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ တိုးသိ ရီအောင်က ပြောပါတယ်။

“ဒါက အီဘိုလာရောဂါ မဟုတ်ဘူးလို့လည်း ပြောလို့ မရသေးပါဘူး။ ငှက်ဖျားပိုး နှစ်မျိုးတွေ့တယ်။ ငှက်ဖျား နဲ့ပတ်သက်တာလည်း ကုသပေးနေပါတယ်။ အီဘိုလာနဲ့ပတ်သက်ပြီးတော့ သံသယလို့ သတ်မှတ်ထားပြီး အဓိကစောင့်ကြပ်ကြည့်ရှုပြီး ကုသမှုတွေ ပေးနေပါတယ်။ လူနာရဲ့သွေး အိုဘိုလာပိုး စစ်ဆေးဖို့ကတော့ အိန္ဒိယနိုင်ငံမှာရှိတဲ့ ဓာတ်ခွဲခန်းကို ပို့ပါမယ်။ ပို့ဖို့က အပြည်ပြည်ဆိုင်ရာ လေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့ (IATA) ရဲ့ ခွင့်ပြုချက်လိုပါတယ်။ အဲဒီခွင့်ပြုမိန့်က မကြာခင်ရပါမယ်။

နိုင်ငံတွေက အချိန်တွေမတူတော့ အဲဒီဟာရသွားရင်တော့ လေကြောင်းလိုင်းတခုနဲ့ ကျမတို့ပို့ပြီး စစ်ဆေး မှာပါ။ ဟိုဘက်နိုင်ငံက သဘောတူညီချက်တွေ၊ ဒီဘက်က သဘောတူညီချက်တွေလည်း ကျမတို့ ရပြီး ပါပြီ။”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ချက်အရ အီဘိုလာရောဂါနဲ့ ပတ်သက်တဲ့ ဓာတ်ခွဲစစ်ဆေးတာကို အိန္ဒိယနိုင်ငံ ပူနေးမြို့က ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းကို ပေးပို့ စစ်ဆေးရမှာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၉ ရက်နေ့က ဖျားနာ အင်အားချည့်နဲ့နေတဲ့ မြန်မာအမျိုးသားတဦးကို ရန်ကုန်လေဆိပ်မှာ သက်ဆိုင်ရာက တွေ့ရှိစစ်ဆေးရာမှာ အာဖရိက နိုင်ငံတွေမှာ တနှစ်ကျော် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး အီဘိုလာ ရောဂါသံသယနဲ့ ဝေဘာဂီရုံကြီးမှာ သီးသန့်ထားရှိပြီး အထူးကုဆရာဝန်ကြီးတွေက စစ်ဆေး ကုသပေးမှုတွေ ဆောင်ရွက်ပေးနေခဲ့တာ ဖြစ်ပါတယ်။

လတ်တလော လူနာရဲ့ ကျန်းမာရေးခြေအနေ တိုးတက်ကောင်းမွန်လာနေတယ်လို့ လည်း မြန်မာအ စိုးရ ပြန်ကြားရေးက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

သံသယရှိသူ စီးလာတဲ့ လေယာဉ်ပေါ်မှာ ပါလာသူ အားလုံးကို အိမ်နဲ့ တည်းခိုရာတွေမှာ စောင့်ကြပ်ကြည့် ရှုဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကတဆင့် လုပ်ဆောင်ထားတယ် လို့လည်း ကျန်းမာရေးဌာနတာ ၀န်ရှိသူက ပြောပါတယ်။

ပိုင်စိုး | DVB

မှတ်ချက်များ