သံလွင်မြစ်ရေနှင့် ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်နေဟု မိုး/ဇလ ပြော

စိုးရိမ်ရေမှတ်ထက်ကျော်လွန်လျက်ရှိသော သံလွင်မြစ်ရေသည် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ် တွင် တည်ရှိနေမည်ဖြစ်ပြီး ပဲခူးမြစ်ရေသည် ၃၅ နှစ် တာကာလအတွင်း စိုးရိမ်ရေမှတ်အထက် စတုတ္ထ အမြင့် ဆုံးသို့ ရောက်ရှိလျက်ရှိရာ နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ရောက်ရှိမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၊ မြစ်ရေခန့် မှန်းရေးဌာန ဦးစီးအရာရှိ ဦးဝင်းမော်က မဇ္ဈိမသို့ ပြောသည်။

လက်ရှိတွင် သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေအမှတ် အထက် ၂ စင်တီမီတာ (၀ ဒသမ ၁ )ပေ ခန့် ကျော်လွန်နေပြီး နောက်နှစ်ရက်အတွင်း စိုးရိမ်ရေအမှတ်အထက်တွင် ဆက်လက်တည်ရှိမည်ဖြစ် သည်။

သံလွင်မြစ်ရေသည် ၁၀ ရက်တာ ကာလအတွင်း စိုးရိမ်ရေမှတ်ထက် သုံးကြိမ်ကျော်လွန်ခဲ့သည်။ သံလွင်မြစ်ရေသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင်နှင့် သြဂုတ်လအတွင်းက စိုးရိမ်ရေမှတ်ထက် ငါးပေခန့် အထိ ကျော်လွန်ခဲ့သဖြင့် ဘားအံမြို့တွင် ရေကြီးမှုများ ဖြစ်ပွားခဲ့သော်လည်း လက်ရှိအခြေအနေတွင် မြေနိမ့် ပိုင်းနေရာများသာ ရေ၀င်ရောက်နိုင်မည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

“စိုးရိမ်ရေမှတ်ကျော်ပေမယ့် အရင်နှစ်လောက် မဆိုးဘူး။ အနိမ့်ပိုင်းတွေမှာတော့ ပုံမှန်ရေကြီးနေတဲ့သဘော ပဲ ရှိတယ်”ဟု ကရင်ပြည်နယ်၊ ဘားအံမြို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စောအောင်ကျော်နိုင် က ပြောသည်။

ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် သြဂုတ် လ ၆ ရက်မှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ရာ သြဂုတ် ၈ ရက်တွင် စိုးရိမ်ရေမှတ်အထက် ၁၈ စင်တီမီတာ (၀ ဒသမ ၆ ပေ)ခန့် ကျော်လွန်လျက်ရှိပြီး နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်းနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ထားသည်။

ပဲခူးမြစ်ရေသည် ၂၀၁၁ ခုနှစ်တွင် ပထမအမြင့်ဆုံး စိုးရိမ်ရေမှတ်အထက် နှစ်ပေနီးပါးမြင့်တက်ခဲ့ပြီးယခု နှစ် တွင် ၃၅ နှစ်အတွင်း စိုးရိမ်ရေမှတ်အထက် စတုတ္ထအမြင့်ဆုံးသို့ ရောက်ရှိလျက်ရှိသည်။ ယင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၁၉၇၄ ခုနှစ်တွင် ဒုတိယ၊ ၁၉၉၂ ခုနှစ်တွင် တတိယအမြင့်ဆုံး ကျော်လွန်ခဲ့သည်ဟု ဦးစီးအရာရှိ ဦးဝင်းမော်က ပြောသည်။

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် သြဂုတ်လ ၅ ရက်မှစတင်၍ စိုးရိမ်ရေမှတ်အထက် ငါးစင်တီမီတာ (၀ ဒသမ ၂ ပေ) ခန့်ကျော်လွန်နေပြီး နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်းနိုင်သည် ဟု မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဇာဏီထွဏ်း | mizzima

မှတ်ချက်များ