မှော်ဘီမြို့နယ်တွင် ချောင်းရေလျှံမှုကြောင့် အိမ်ခြေ ၂၀၀၀ ကျော် ရေဘေးဒုက္ခကြုံတွေ့နေရပြီး စာသင်ကျောင်းအချို့ ယာယီပိတ်ထားရ

မှော်ဘီမြို့နယ်တွင် မှော်ဘီချောင်း ရေလျှံမှုကြောင့် အိမ်ခြေ ၂ဝဝဝ ကျော် ရေဘေးဒုက္ခကြုံတွေ့နေရ ပြီး ကျောင်းအချို့ ပိတ်ထားရကြောင်း မြို့နေပြည်သူ များထံမှ သိရသည်။

ရေဘေးဒုက္ခကြုံတွေ့နေရသည့် နေရာများမှာ အ မှတ်(၃)နှင့် (၄)ရပ်ကွက်တို့ဖြစ်ပြီး ယင်းနေရာများ တွင် နှစ်စဉ်နှစ်တိုင်း ရေကြီးလေ့ရှိကာ ၂ဝ၁၄ ခုနှစ်အတွင်း ဒုတိယအကြိမ် ရေကြီးမှုဖြစ်ကြောင်း အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်းက ဩ ဂုတ် ၄ ရက်က ပြောကြားသည်။

“ရပ်ကွက်က ဒယ်အိုးပုံစံဖြစ်နေတာလည်း ပါတယ်။ မှော်ဘီချောင်းရေလျှံပြီး ရပ်ကွက်တွေထဲကို ဝင်တာ ပါ။ နှစ် တိုင်းကြုံ တွေ့နေရတာမို့ ရေစီးရေလာကောင်းအောင် မြောင်းဖော်ထားပေမယ့် ရေကြီးတာကိုရှောင် လွှဲလို့ မရသေးဘူး။ မိုးက ဒီအတိုင်းဆက်ရွာနေမယ်ဆိုရင် ဒီထက်ရေပိုကြီးဖို့ပဲ ရှိပါတယ်”ဟု၎င်းက ပြော ကြားသည်။

အမှတ်(၄)ရပ်ကွက်တွင် အိမ်ခြေ ၂၇ဝဝ ကျော်ရှိပြီး ရပ်ကွက်အနိမ့်ပိုင်းတွင် သုံးပေခန့် ရေမြင့်တက်လျက် ရှိကာ ကားလမ်းနှင့်နီးသောနေရာများတွင် နှစ်ပေခန့် ရေမြင့်တက်လျက်ရှိသည်ကို တွေ့ရသည်။

ရေကြီးမှုကြောင့် အမှတ်(၄) ရပ်ကွက်အတွင်းရှိ မူလတန်းလွန်ကျောင်း သုံးကျောင်းအနက် နှစ်ကျောင်းကို ယာယီပိတ်ထားရကြောင်း အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး က ပြောကြားသည်။

ပထမအကြိမ်ရေကြီးမှု ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့ရာ ရေအမြင့် သုံးပေခန့်မြင့်တက်ခဲ့ကြောင်း အမှတ်(၄) ရပ်ကွက် အောင်ချမ်းသာလမ်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

“အခုရေကြီးဖြစ်စဉ်ကို စောင့်ကြည့်နေပါတယ်။ ဒီထက်ပိုပြီး ရေကြီးလာမယ်ဆိုရင် ရေသန့်တို့၊ ထမင်းထုပ် တို့ အလှူခံပြီးရေဘေးကြုံတွေ့နေရသူတွေကို ဝေပါမယ်။ ပြီးခဲ့တဲ့နှစ်ရေကြီးတုန်းက ထမင်းထုပ် ၂၈ဝဝ လောက် ဝေငှခဲ့ပါတယ်”ဟု မှော်ဘီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ထို့အပြင် ၎င်းက ဇူလိုင်လအတွင်း ရေကြီးမှုကြုံတွေ့နေရစဉ် ဝမ်းရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ရပ်ကွက်နေပြည်သူများကို အသိပညာပေးမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ အိမ်ထဲကိုရေတွေဝင်လာရင် ရေမစိုအောင် စင်ထိုးပြီးနေရတယ်။ အခုလောလောဆယ် ဒူးခေါင်းလောက် တက်ပေမယ့် နောက်ထပ် မိုးကြီးမယ်ဆိုရင်တော့ ပေါင်လောက်ထိ ရေတက်လာမယ်ထင်တယ်”ဟုအမှတ် (၄) ရပ်ကွက် ဧကရစ်လမ်းတွင် နေထိုင်သူတစ်ဦး က ပြောကြားသည်။

ရေအမြင့်ပေ ထပ်မံမြင့်တက်လာပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ကယ်ဆယ်ရေးစခန်းအဖြစ် ဖွင့်လှစ် ကာ တခြားအကူအညီများပေးနိုင်ရန် လှေများထားရှိထားကြောင်း အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“မနက်ကဆို မြွေတစ်ကောင် အိမ်ထဲဝင်ခွေနေတာ တွေ့လိုက်ရတယ်။ အဘွားတို့ လည်း တော်တော်ကြောက် သွားတယ်။ ဒီထက်ပိုပြီးရေကြီးလာမယ်ဆိုရင် ရပ်ကွက်ထဲကလူတွေအတွက် အန္တရာယ်ရှိလာနိုင်တယ်”ဟု အဆိုပါရပ်ကွက်အတွင်းမှ အသက် ၆ဝ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

ကြည်နိုင်၊ရှိုင်းလင်းအောင် | EMG

မှတ်ချက်များ