ပအိုဝ်းဒေသ ဆီဆိုင်မြို့တွင် သံဃာ ၁၁၃ပါး အစာအဆိပ်သင့်

သံဃာ ၁၁၃ပါး အစာအဆိပ်သင့်မှု ရှမ်းပြည်တောင် ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင် မြို့နယ် ၊ မြကန်သာရပ်ကွက်အတွင်းရှိ ဇ၀နာရာမ စာသင်တိုက်တွင် သြဂုတ် ၁၆ရက် နေ့လည် ၁၁နာ ရီခန့်က ဖြစ် ပွားခဲ့သည်ဟု ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့ မှ သိရသည်။

သြဂုတ် ၁၆ရက် နံနက်ပိုင်းက မဂ်လာရပ်ကွက် အုပ် ချုပ်ရေးမှူး ဦးချိုတူးမောင် နှင့် ရပ်ကွက်သူ/သားများ အလည့်ကျဆွမ်းလောင်းအဖွဲ့ နှင့် အတူ ဇ၀နရာမ စာသင်တိုက်ရှိ ရဟန်း၊ သံဃာ၊ အရှင်သူမြတ် ၄၄၈ ပါး တို့အား အမဲသားနှင့် မျှစ်ချဉ်ဟင်းဖြင့် ဆွမ်းကပ်လှူ ဒါန်းခဲ့ရာမှ ကိုရင်သုံးပါးနှင့် ရဟန်းအချို့မှာ မူးဝေအော့ အန်ခဲ့သဖြင့် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရသည်။

"နေ့ဆွမ်းအနေနဲ့ ကပ်တဲ့ အမဲသားနဲ့ မျှစ်ချဉ်ဟင်းကို ဆွမ်းဘုန်းပေးပြီးတော့ ၁၅မိနစ်လောက် ကြာတော့ ခေါင်းမူးလာပြီး၊ မူးဝေအော့အန်ကုန်တာ” ဟု ဆေးရုံတွင် ဆေးကုသမှုခံယူနေရသော ကိုရင်တစ် ပါးဖြစ်သူ ၀ိလာသဂ္ဂမှ ပြောသည်။

ယင်းမူးဝေအော့အန်သည်ဆိုသည့် သံဃာတော်များနှင့် ရဟန်း ၁၁၃ပါးအား ဆီဆိုင်မြို့နယ် ပြည်သူ့ဆေး ရုံကြီးမှ ဒေါက်တာ သန်းထွဋ်ဦးနှင့် အဖွဲ့က အတွင်းလူနာအဖြစ် ကုသပေးရာ မျှစ်ချဉ်မကျက်သဖြင့် အော့ အန်ခြင်းဖြစ်ပြီး စိုးရိမ်ဖွယ်ရာ အနေထားမရှိကြောင်း ဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ရှင်းပြသည်။

ဆီဆိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးပီတာက "မျှစ်ချဉ်ဟင်းနဲ့ ဘုန်းပေးတော့ အန် တယ်၊ အန်တော့ဆေးရုံခေါ်သွားတယ်၊ ဆေးရုံမှာ တစ်ပါးနှစ်ပါးလောက်ပဲ ဆေးသွင်းရတယ်၊ အသက်အန္တ ရာယ် ဘာမှ မဖြစ်လိုက်ဘူး၊ အကုန်ပြန်ဆင်းကြပြီ၊ ဆီဆိုင်မှာ အရင်က ဒီလိုတခါမှ မဖြစ်ဖူးဘူး။ ပထမ ဆုံးဖြစ်တာပဲ” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားပေးသည်။

အစာအဆိပ်သင့်သည့် ဇ၀နရာမ ကျောင်းတိုက်မှ ရဟန်း၊ သံဃာတော် အရှင်သူမြတ် သာမဏေ ၁၁၃ပါး အား ဆီဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင် နှင့် အဖွဲ့က မြို့နယ်ဆေးရုံကြီးသို့ ပင့်ဖိတ်ကာ ဆေးကု သမှု ခံယူစေခဲ့သည်။ ဒေါက်တာသန်းထွဋ်ဦး နှင့် အဖွဲ့က စစ်ဆေးပေးခဲ့ရာ အရှင်တိလာနန္ဒ၊ အရှင်ကောဝိဒ ၊ အရှင်နေမိန္ဒ၊ အရှင်ဝိလာသ၊ အရှင် ၀ိလာသဂ္ဂ တို့ ငါးပါးမှာ မူးဝေ (မစိုးရိမ်ရ) ဖြစ်ပေါ်နေသည်ကို ဆေးစစ် မှု တွေ့ရသဖြင့် အတွင်းလူနာအဖြစ် ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိသည်။

အခြား ရဟန်း၊ သံဃာတော်များမှာမူ အစာအဆိပ်သင့်သည့် မည်သည့် လက္ခာဏာမျှ ပြသခြင်းမရှိဘဲ ကျန်းမာရေးကောင်းမွန်သည့်အတွက် ဇ၀နရာမ ကျောင်းတိုက်တွင် ပြန်လည် သီတင်းသုံးနေပြီဟု ဆီဆိုင်မြို့နယ် ဆေးရုံမှ တာဝန်ကျ ဆရာဝန်က အတည်ပြု ပြောဆိုသည်။

ဂျွန်ချစ်ငြိမ်း | mizzima

မှတ်ချက်များ