လူငယ်များကို အတင်းအကျပ် သွေးလှူခိုင်းသည့် ဂိုဏ်းတစ်ခုကို တရုတ်ရဲတပ်ဖွဲ့ဖမ်းဆီး


ကျောင်းသူကျောင်းသား လူငယ်လူရွယ်များကို အတင်းအဓမ္မ သွေးလှူခိုင်းနေသည့် လူ(၇)ဦးကို တရုတ်ရဲ တပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

လူငယ်များကို သွေးလှူရန် အဓမ္မ စေခိုင်းမှုများ ရှိနေသည်ဆိုသော သတင်းများနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ က လိုက်လံ စုံစမ်းရာ ဂန်ဆူရှိ သွေးထိန်းသိမ်းမှု စင်တာတစ်ခုကို ထိန်းချုပ် လည်ပတ်နေသည့် ကုမ္ပဏီ တစ်ခု၏ ဒုတိယ အကြီးအကဲ ဦးဆောင်သော ဂိုဏ်းကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ သတင်း များက အဆိုပါ ပုဂ္ဂိုလ်၏ မျိုးရိုးအမည်ကို ဟွမ်ဟုသာ ဖော်ပြပြီး ကျန်(၆)ဦးမှာ အလုပ်လက်မဲ့များ ဖြစ်
ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ သွေးထိန်းသိမ်းမှု စင်တာကို ဝူဝေတွင် အခြေစိုက်သည့် လန်ဇူး ဇီဝထုတ်ကုန် လုပ်ငန်းစု ကုမ္ပဏီ ကြီးက ပိုင်ဆိုင်သည်။ အဆိုပါ ကုမ္ပဏီသည် နိုင်ငံအတွင်း သွေးနှင့်ဆိုင်သည့် ထုတ်ကုန်ပစ္စည်းများ ရောင်း ချနေသည့် အကြီးမားဆုံး စာရင်းဝင် ကုမ္ပဏီကြီး တစ်ခုလည်း ဖြစ်သည်။

သတင်းများတွင် ဖော်ပြမှုအရ ဟွမ်၏ သူငယ်ချင်း တစ်ဦးဖြစ်ပြီး ဇောဟ်ဟုသာ အမည်ဖော်ပြသူ တစ်ဦး သည် မူလတန်းမှ အထက်တန်းကြား ကျောင်းသူကျောင်းသား လူငယ်များကို အတင်းအကျပ် ခြိမ်းခြောက် ကာ သွေးလှူစင်တာသို့ သွေးသွားရောက် လှူဒါန်းရန် စေခိုင်းခဲ့ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံတွင် အသက်(၁၈)နှစ်မှ (၅၅)နှစ်ကြား အသက်အရွယ်တွင် တရားဝင် သွေးလှူဒါန်းခွင့် ပြုထားသည်။

သို့သော်လည်း ဟွမ်တို့အဖွဲ့သည် အသက်(၁၀)နှစ်မှ (၁၆)နှစ်ကြား လူငယ်လူရွယ် (၈)ဦးထက်မနည်းကို အနည်းဆုံး တစ်လလျှင်တစ်ကြိမ် သွေးလှူရန် အတင်းအကျပ် စေခိုင်းခဲ့ကြောင်း Xinhua က ဆိုသည်။

ထိုကဲ့သို့ သွေးလှူမှုများဖြင့် ယင်းအဖွဲ့သည် ယွမ်ငွေ (၆၂၅၀)၊ တစ်နည်းအားဖြင့် အမေရိကန် ဒေါ်လာ တစ်ထောင်မျှ ရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ သွေးလှူရန် စေခိုင်းခံရသော လူငယ် များအတွက် မှတ်တမ်းမှတ်ရာ အတုများကို ကြိုတင်စီစဉ်ထားပြီး အသက်ပြည့်ပြီး လာရောက်လှူဒါန်း သကဲ့သို့ ဖန်တီးထားကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် လူငယ်များကို ကြောက်ရွံ့အောင် ရိုက်နှက်နှိပ်စက်ပြီး မိမိတို့၏ ဆန္ဒအတိုင်း လုပ်ဆောင်စေခဲ့သည်။ သို့သော်လည်း ယင်းဖြစ်စဉ်ကို လူငယ်တစ်ဦး၏ မိဘများက ဖော်ထုတ် သိရှိသွားပြီးနောက် ရဲများက အဓမ္မ သွေးလှူခိုင်းသည့် ဂိုဏ်းကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

7day

မှတ်ချက်များ