သမ္မတအပေါ် လူထုစိတ်ကျေနပ်မှု ကျဆင်းလာဟု ဆို

မေလ ၁၁ ရက်က  အာဆီယံထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ မိန့်ခွန်းပြောကြားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ငြိမ်သစ်ညီ
မြန်မာနိုင်ငံတွင် အစိုးရသစ်ပြောင်းလဲပြီးနောက် သမ္မတ၊ အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များအပေါ် လူထုစိတ်ကျေနပ်မှုအတွက် စမ်းစစ်လေ့လာရာတွင် သမ္မတအပေါ် လူထုစိတ်ကျေနပ်မှုသည် နည်းပါးရုံသာ မက တဖြည်းဖြည်းကျဆင်းလာသည်ကို တွေ့ရသည်ဟု လူထုအခြေပြု စစ်တမ်းကို ကောက်ယူခဲ့သော စိမ်းလန်းအမိမြေအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောသည်။

အဆိုပါစစ်တမ်းကို ၂၀၁၂ ခုနှစ် နှောင်းပိုင်း၊ ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းနှင့် နှစ်ကုန်ပိုင်းတို့တွင် ရန်ကုန်မြို့ရှိ မြို့နယ် ၂၄ ခုနှင့် မန္တလေးမြို့ရှိ မြို့နယ် ငါးခုတို့မှ စုစုပေါင်း လူထု ၆,၀၀၀ ကျော်ကို တွေ့ဆုံကာ ကောက်ယူ ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတအပေါ် အမြင်သဘောထားစစ်တမ်းတွင် သမ္မတ၏ ပထမဆုံး တာဝန် လက်ခံရယူသည့် ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ရက် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သော နိုင်ငံတော်အခြေပြမိန့်ခွန်း တွင် ပါဝင်သည့် ကတိက၀တ်များနှင့် အစိုးရမူဝါဒများကို လက်တွေ့အကောင်အထည် ဖော်ဆောင် ရွက်နေမှုအပေါ် ပြည်သူတို့ သိရှိမှု၊ စိတ်ကျေနပ်မှု အခြေအနေ၊ လက်ရှိသမ္မတအပေါ် ပြည်သူလူထု စိတ်ကျေနပ်မှု သို့မဟုတ် နှစ်သက်ထောက်ခံမှုတို့ကို လေ့လာသည်ဟု စစ်တမ်းက ဆိုသည်။

ထိုသို့လေ့လာရာတွင် စာသင်ကျောင်းများ၌ စာမေးပွဲအောင်မှတ်ပေးသကဲ့သို့ အမှတ် ၁၀၀ အထိ လူထုကို အမှတ်ပေးစေရာတွင် သမ္မတအပေါ် စိတ်ကျေနပ်မှုသည် ၂၀၁၂ ခုနှစ်တွင် ၂၉ မှတ်၊ ၂၀၁၃ နှစ်လယ်ပိုင်း တွင် ၃၄ မှတ်နှင့် ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ၃၃ မှတ် ရရှိသည်ဟု စာတမ်းတွင် ဖော်ပြထားသည်။

အမှတ်ပေးရာတွင် အစိုးရ၀န်ထမ်းနှင့် စစ်တပ်ဖွဲ့များ၊ သက်ကြီးပိုင်းများက အမှတ် ၅၀ ပေးထားပြီး၊ လူ ငယ်များ၊ အလုပ်လက်မဲ့များနှင့် ကျောင်းသားများက ၁၈ မှတ်သာပေးသည်ဟု စစ်တမ်းက ဆိုသည်။

ပြုပြင်ပြောင်းလဲရေးကို ပြည်သူတို့ များစွာမျှော်လင့်သော်လည်း ဖြစ်မလာ၍ ယင်းသို့ဖြစ်သည်ဟု ဦးဝင်းမျိုး သူက သုံးသပ်သည်။

ဇာဏီထွဏ်း | mizzima

မှတ်ချက်များ