ရန်ကုန်တိုင်းအတွင်းရှိ အခြေခံကျောင်းမုန့်ဈေးတန်းများတွင် မုန့်သုံးမျိုး မရောင်းရန် အသိပေးမှု လုပ်ဆောင် ထားကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေးဆရာဝန်ကြီး ဒေါက်တာခင်စောရီက မဇ္ဈိမကို ပြောသည်။
ပန်းပွင့်ပုံ ဝေဖာမုန့်၊ YIMAO-Food အမည်ရှိ ပလိပ်ပြားနှင့် ရွှေစံအိမ်ရှူးရှဲ လက်ဖက်ထုပ်တို့တွင် ကင်ဆာရောဂါဖြစ်ပွားစေနိုင်သည့် ဆိုးဆေးများပါဝင်သည့်အတွက် သြဂုတ်လ ၁၂ ရက်က မရောင်းချရန် အသိပေးထားသည်ဟု ၎င်းက ဆိုသည်။
ဇွန် ၁ ရက်မှ သြဂုတ်လ ၁၂ ရက်ထိ ရန်ကုန်တိုင်း၊ မြို့နယ်ပေါင်း ၄၃ မြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း ၁၄၆ ကျောင်းမှ မုန့်အမျိုးအစားပေါင်း ၉၂၁ မျိုးကို စစ်ဆေးရာတွင် အထက်ပါမုန့်သုံးမျိုးမှာ စားသုံးရန်မ သင့်ကြောင်း တွေ့ရှိခဲ့သည်။
ကျောင်းများတွင် ရောင်းချသည့် မုန့်အမျိုးအစားပေါင်း ၉၂၁ မျိုးကို မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) သို့ ပေးပို့စစ်ဆေးခဲ့ရာတွင် တွေ့ရှိရခြင်း ဖြစ်သည်။
ဒေါက်တာခင်စောရီက “မုန့်ဈေးတန်းတွေမှာ မသန့်ရှင်းတဲ့ မုန့်တွေ မရောင်းရအောင် သက်ဆိုင်ရာ ကျောင်း အုပ်များ ဂရုစိုက်ဖို့ လိုပါတယ်။ (FDA)က အသိအမှတ်ပြုထားတဲ့ မုန့်မှန်သမျှ ရောင်းချခွင့် ရှိပါတယ်။ ဈေး သည်တွေ လိုက်နာမှု ရောင်းချခွင့်ပိတ်သွားမယ်” ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် ၄၅မြို့နယ်တွင်(FDA) အသိအမှတ် မပြုထားသော အစားအစာများ ရောင်းချခြင်းမရှိစေရန် မြို့နယ်ကျန်းမာရေး ဆရာဝန်ကြီးများ၊ မြို့နယ်ပ ညာရေးမှူးများ၊ ကျောင်းအုပ်ဆရာမကြီးများပါဝင်သော စစ်ဆေးရေးအဖွဲ့များဖြင့် လိုက်လံစစ်ဆေးမှုကို တစ်မြို့နယ် တစ်ဖွဲ့စီခွဲခြား၍ စစ်ဆေးခဲ့ရာ ကျောင်းသုံးကျောင်းနှင့် ဈေးအချို့တွင် နမူနာစစ်ဆေးချက်အရ အဆိုပါမုန့်အမျိုးအစားတွင် အသည်းကင်ဆာနှင့် အစာအိမ်ကင်ဆာအမျိုးမျိုးဖြစ်စေနိုင်သည့် ဆိုးဆေးပါ ၀င်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဒေါက်တာဒေါ်ခင်စောရီကဆိုသည်။
ဇာနည်အောင် | mizzima
မှတ်ချက်များ