အမြဲတမ်း ရူးနေတဲ့ လူတစ်ယောက်လို့ ကိုယ့်ကိုယ်ကို ဖွင့်ဟလာတဲ့ ကျော်ထွဋ်ဆွေ
ရပ်ကွက်ထဲက အရူး အမ်တီဗီ ထွက်ဖို့အတွက် အချိန်ကြန့်ကြာမှုကြောင့် ပရိသတ်တွေနဲ့ အဆက်အ သွယ် ပြတ်သလို ဖြစ်နေတဲ့ ကျော်ထွဋ်ဆွေနဲ့ တွေ့ဆုံခိုက် အမ်တီဗီအကြောင်းနဲ့ ဒုတိယအခွေ အကြောင်း မေးမြန်းကြည့်ဖြစ်ခဲ့ပါတယ်။
“အမ်တီဗီက ထွက်မှာပါ။ ပရိုဂျူဆာဆီမှာ ကြာနေတာ။ ဒီရက်ပိုင်း အခွေထွက်တာတွေ များနေတာကြောင့် လဲ ပါတယ်။ လုပ်နေတာကလဲ ၃ နှစ်လောက်ရှိပြီဆိုတော့ ပရိသတ်တွေ စောင့်နေရတာကိုလဲ အားနာပါ တယ်။ အခက်အခဲက ဆင်ဆာရော၊ ပရိုဂျူဆာရော ကြောင့်ပေါ့နော်။ ထွက်ဖို့ကို ကြန့်ကြာနေရတာပါ။ ဒီအမ်တီဗီကို စောင့်နေတဲ့အတွက် ဒုတိယခွေထွက်ဖို့ အတွက်ကြန့်ကြာနေရတယ်ပေါ့နော်။
ဒုတိယအခွေက အားလုံးပြီးနေပြီ။ အရူးတစ်ယောက်ရဲ့ဒိုင်ယာရီတဲ့။ ဒါပေမဲ့ အဲဒါက အမ်တီဗီခံနေတဲ့အ တွက် ထွက်လို့မရဘူးဖြစ်နေတယ်။ ဒုတိယခွေကိုလဲ ထွက်ချင်နေတော့ ဒါပေမဲ့ ရက်အတိအကျပြော ဖို့ကတော့ခက်နေသေးတယ်။ အားလုံးညှိနှိုင်းနေကြတုန်းပါပဲ။” လို့ သူက ပြောပါတယ်။
သီချင်းပုံစံအပြောင်းအလဲတွေ ရှိလာမယ်ဆိုတဲ့ ဒုတိယအခွေအကြောင်းကိုလည်း သူက “တစ်ခွေလုံးက ဒိုင်ယာရီတစ်ပုဒ်လိုပဲ။ ပထမခွေနဲ့တော့တော်တော်လေးကွာခြားပါတယ်။
ပထမခွေထက်လဲ တော်တော်လေးကို ရူးတယ်။ အဲ့လို သီချင်းပုံစံတွေပါတယ်။ အမြဲတမ်းရူးနေတဲ့ လူ တစ်ယောက် ပုံစံမျိုးပေါ့။ အဲဒီထဲက အရူးဆိုတာက ကိုယ့်ကိုကိုပြောထားတာပါ။ Featuring တွေကတော့ သိပ်မပါဘူး။ ကျွန်တော့ သူငယ်ချင်း ၃ ယောက်ပါတယ်။ နောက် surprise လုပ်စရာ တစ်ယောက်လောက် ပါတယ်။ ၄ယောက်လောက်ပဲပါတယ်”တဲ့။
Let’s Go အစီအစဉ်နဲ့ ပတ်သက်ပြီးတော့လည်း “ခရီးတွေ ဆက်သွားဖို့ရှိပါတယ်။ ခုက ဘရာဇီးကတော့ တီဗီမှာပြနေပြီ။ နောက်တစ်နေရာသွားဖို့အတွက် သူတို့ထပ်တိုင်ပင်နေတယ်ပေါ့။ နေရာအတိအကျ သိရပြီဆိုရင် ကျွန်တော်တို့ပြောပြပါ့မယ်။ ဘရာဇီးနဲ့ဆိုရင် ၃ခုမြောက်ပေါ့။ ငပလီရယ်၊ ပုဂံရယ်ပါမယ်။ ဘရာဇီးမှာ ထူးထူးခြားခြားအမှတ်တရကတော့ အားလုံးကအမှတ်တရပါပဲ။”လို့ သူက ပြောပါတယ်။
ခင်ဆွေသက် | Trend Myanmar

မှတ်ချက်များ