အကြမ်းဖက်မှုများပါဝင်သည့် ဂိမ်းများကစားခြင်းနှင့် ဗီဒီယိုဇာတ်လမ်းကို ကြည့်ရှုခြင်းဖြင့် ကလေးငယ်များတွင် စိတ်ပိုင်းဆိုင်ရာ ကြမ်းတမ်းမှုများ ဖြစ်လာနိုင်
ခေတ်ကာလ၏ ပြောင်းလဲတိုးတက် လာမှုများနှင့်အတူ ဂိမ်းအမျိုးအမျိုး ထွက် ပေါ်လာရာ အကြမ်းဖက်သည့် တိုက်ခိုက်မှု များပါဝင်သည့် ဂိမ်းများလည်း ပေါ်ပေါက်လာလျက်ရှိပြီး ယင်းကဲ့သို့ဂိမ်းများကစားခြင်းနှင့် အကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများ ပါဝင်သည့် ဗီဒီယိုဇာတ်လမ်းများကို ကြည့်ရှုခြင်းသည် အထူးသဖြင့် ကလေးများနှင့် ယောက်ျားလေးများတွင် ကြမ်းတမ်းမှုများ အပါအဝင် အခြားသောစိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများကို ပိုမိုတွေ့ရှိရကြောင်း သုတေသန ပြုလုပ်ချက်များအရ သိရသည်။
“မီဒီယာရဲ့သက်ရောက်မှုအနေနဲ့ အခုနောက်ပိုင်း အကြမ်းဖက်တဲ့ဂိမ်းတွေ၊ တီဗွီတွေကြည့်မယ် ကစားမယ် ဆိုရင် ကလေးမှာ ဘာတွေဖြစ်လာမလဲ ဆိုတာကို သုတေသနတွေ ပြုလုပ်ကြတဲ့အခါမှာ တီဗွီချန်နယ်ထဲ မှာ ပေါ်လာခါကစဆိုရင်အဲဒီထဲမှာ သူတို့ မြင်တွေ့ရတဲ့အရာတွေကို ကလေးတွေက လိုက်လုပ်တတ်ကြ တယ်။
ဥပမာ-သူငယ်ချင်းနှစ်ယောက်က အရမ်းချစ်ကြလို့ အတူတူ သတ်သေကြတယ်ဆိုတာမျိုးကြည့်ပြီး သတ်သေတာတွေ ဖြစ်လာတယ်ပေါ့။ ပြီးရင် တချို့အပြုအမူတွေ ဆိုရင်လည်း သူတို့စိတ်ထဲမှာစွဲသွားပြီး အပြင်မှာ လိုက်လုပ်တတ်ကြတယ်။ ကလေးငယ်တွေက သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်သေးတဲ့ အရွယ်တွေဖြစ်တဲ့အတွက် လွှမ်းမိုးခံရမှုတွေက အရမ်းကိုများပါတယ်။
အထူးသဖြင့် စိတ်ပိုင်းဆိုင် သက်ရောက်မှုတွေကို ကြည့်မယ်ဆိုရင် အသက်အရမ်းငယ်တဲ့ ကလေး ငယ်တွေ နဲ့ အကြမ်းဖက်မှု ဂိမ်းတွေကစားတဲ့ ယောက်ျားလေးတွေမှာ ဖြစ်ပွားတာကို တွေ့ရပါတယ်။ အသက် ကြီးတဲ့ သူတွေက ရင့်ကျက်နေပြီးသား ဖြစ်တဲ့ အတွက် သူတို့ကိုယ်တိုင် ထိန်းချုပ်နိုင်နေပြီ။
အဲဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို ဘယ်အရွယ်မှာ ဘယ်ဂိမ်းကိုပေး ကစားမလဲ၊ ဘယ်လိုချန်နယ်၊ ဗီဒီယိုကို ပေး ကြည့်မလဲဆိုတာကို ထိန်းချုပ်ကိုင်တွယ် သင့်ပါတယ်”ဟု ရန်ကုန်တက္ကသိုလ်၊ စိတ် ပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ နီလာကြူက ဆိုသည်။
သုတေသနပြုလုပ်ချက်များအရ ကလေးငယ်များတွင် မီဒီယာများ၏ သက်ရောက်မှုရှိသည်ဟု ဆိုခြင်းအပေါ် အချို့သောဖျော်ဖြေရေး မီဒီယာလုပ်ငန်းရှင်များအနေဖြင့် ကလေ ငယ်များသည် ယင်းကဲ့သို့အကြမ်းဖက် မှုများ ပါဝင်သည့် ဇာတ်လမ်းများကို ကြည့်ခြင်းအားဖြင့် ပြင်ပလောကတွင် ၎င်းတို့အမှန်တကယ် အကြမ်း ဖက်လိုမှုများနှင့် ရန်လိုချင် စိတ်မှုများသည် ရုပ်သံများကိုကြည့်ခြင်း အားဖြင့်အကြမ်းဖက်လိုသည့် စိတ်များ သည် ၎င်းတို့ကြည့်ရှုလိုက်ရသည့် ရုပ်သံများတွင် စိမ့်ဝင်သွားတတ်ကြသည်ဟု ပြန်လည်ဖြေရှင်း ကြကြောင်းလည်း သိရသည်။
ထို့ပြင် ကလေးဘဝတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ရသူများသည် အသက် ၁၄ နှစ်မတိုင်မီတွင် စိတ်က စဥ့်ကလျား ဖြစ်ပွားမှုများ စတင်ဖြစ်ပွားနိုင်ပြီး လူလတ်ပိုင်း အရွယ်ရောက်လာပါက အကြောင်းအ မျိုးမျိုးသော စိတ်မကျန်းမာမှုများကို ခံစားရနိုင်ကြောင်းလည်း သိရသည်။
ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံသည် ၁၅ နှစ်မှ အသက် ၂၄ နှစ်ကြားရှိ လူငယ်များဖြစ်ပြီး ယင်းလူငယ်များ၏ ၂ဝ ရာခိုင်နှုန်းခန့်မှာ တစ်နည်းနည်းသော စိတ်မကျန်းမာမှုကို ခံစားနေကြောင်း ကုလသမဂ္ဂရန်ပုံငွေ အဖွဲ့မှ ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံတွင် လူငယ်ပေါင်း ၂၆ သန်းခန့်ရှိရာ အသက် ၁၅ နှစ်မှ ၂၄ အရွယ်ကြားရှိ လူငယ်သုံးဦးလျှင် တစ်ဦးနှုန်း စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခု ခံစားနေရကြောင်း သုတေသနပြုလုပ်ချက် များအရ သိရသည်။
လက်ရှိမြန်မာနိုင်ငံတွင် မွေးရာပါ စိတ်ဒဏ်ရာ ရောဂါကြောင့် တစ်သိန်းလျှင် ၂ဝ ဦး ခန့်သေ ဆုံးနေကြောင်းနှင့် သေဆုံးမှုအများဆုံးရောဂါ အမျိုး ၂ဝ အနက် မွေးရာပါ စိတ်ဒဏ်ရာမှာ နံပါတ် ၁၄ နေရာတွင် ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂလူဦးရေအဖွဲ့တို့မှ ပူးပေါင်းကောက်ယူထားသည့် စစ်တမ်းများအရ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်မှုနှုန်းမှာ တစ်သိန်းလျှင် ခြောက်ဦးနှုန်းရှိနေပြီး ကမ္ဘာ့နိုင်ငံ များနှင့် နှိုင်းယှဉ်ပါက နံပါတ် ၁၁ဝ အဆင့်တွင် ရှိနေသည်။
ထွယ်ဆန်အောင် | EMG

မှတ်ချက်များ