Ice Cube ပြောသလို သူ့အသက်အရွယ်နဲ့သူတုန်းကတော့ ချစ်စရာကောင်းတာတွေ ရှိနေတတ်တာမို့ ကိုယ်လုပ်ခဲ့တဲ့အရာတွေအတွက် နောင်တမရဘူးလို့ဆိုတဲ့ နေမင်း


အနုပညာလောကထဲကို ၀ါသနာအရင်းခံကာ စတင်ဝင်ရောက်ခဲ့ပြီး ပရိသတ်တွေက အချစ် ဖန်စီဇာတ် ကားတွေထက် အကြမ်းအရမ်း ဇာတ်ကားများနဲ့ပိုမိုလိုက်ဖက်တယ်လို့ထင်ကြေးပေးခြင်း ခံရတဲ့သရုပ်
ဆောင်နေမင်းနဲ့ရှုတင်ပေါ်မှာတွေ့ဆုံခိုက် ဇာတ်ကားပိုင်းနဲ့ပတ်သတ်ပြီး အရင်ကလို အသေးစိတ် ဆန်သောဖန်တီးမှုတွေရှိသေးလားလို့မေးကြည့်တဲ့ခါ “ရွှေစင်ဦးက ထုတ်တဲ့အခွေတွေ ဆိုရင်တော့ အင်္ဂလိပ်စာတန်းထိုးတယ်။ သူများတိုက်ကရိုက်တဲ့ ကားဆိုရင်တော့ အဲ့လောက်ထိ လိုက်မလုပ်ပေးဖြစ်ဘူးပေါ့နော်။ 

ဒ်ီနောက်ပိုင်းတော့ ရွှေစင်ဦးကပဲ ရိုက်ဖြစ်တော့မှာ ဖြစ်တဲ့တွက် တောက်လျှောက် ထိုးဖြစ်တော့မှာပါ။ တခြားတိုက်နဲ့ရိုက်တဲ့ခါမှာ ဇာတ်အနေအထားကွာတယ်။ ကိုယ်လုပ်ချင်တာ လုပ်လို့မရဘူး။ ငဲ့ကွက်ရ တာတွေရှိတယ်။ နောက်ပြီးတော့ သူတို့ဖက်ကလဲ မင်းသားကြေး အပြည့်အ၀ပေးထားတဲ့အတွက် ကုန်ကျ မှုပိုများတယ်။ ကိုယ့်တိုက်က ရိုက်တဲ့ကားကျတော့ မင်းသားကြေးပါဇာတ်ထဲ ထည့်သုံးပြီး ဇာတ်ကို စိတ် ကြိုက်ဖန်တီးတယ်။ လူအင်အား များများသုံးပြီး အကောင်းဆုံး ဖန်တီးတယ်။”လို့ သူက ပြောပြသွား ပါတယ်။

ကိုယ်ဖန်တီးခဲ့တဲ့၊ ကိုယ်လုပ်ခဲ့တဲ့ အလုပ်မှန်သမျှ နောင်တကင်းကင်းနဲ့ နေတတ်သူ နေမင်းက အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း “ကိုယ်လုပ်ခဲ့တဲ့ ဘယ်အလုပ်မဆို နောင်တမရဖူးဘူး။ ဘာလို့လဲဆိုတော့ လူဆိုတာ သူ့အသက်အရွယ်၊ သူ့အပိုင်းအခြားနဲ့သူရှိခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ သူကျင်လည်ခဲ့တဲ့ အတိုင်းအတာကတော့ ဒီလိုပဲ ရှိခဲ့ကြမှာပဲလေ။ 

Ice Cube ဆိုတဲ့ ရက်ပါတစ်ယောက် ဖြေခဲ့သလိုပဲ ငယ်ငယ်တုန်းက ဓာတ်ပုံတစ်ပုံကို ပြန်ကြည့်ရသလိုပါပဲ။ သူ့အသက်အရွယ်၊ သူ့အတိုင်းအတာနဲ့ သူ့ရဲ့ချစ်စရာကောင်းမှုလေးနဲ့ပေါ့။ ခုစိတ်နဲ့နှိုင်းယှဉ်ကြည့် ရင်တော့ မပြည့်စုံတာ ရှိရင်ရှိမယ်။ အဲ့တုန်းက ရခဲ့တဲ့ လွတ်လပ်ခွင့် စိတ်အခြေအနေတွေကိုလဲ ဒီချိန်မှာ ပြန်မရနိုင်တော့တာမျိုးလဲ ရှိတတ်တယ်လေ။ အဲ့လိုမျိုးလေးပဲပေါ့။ ပြီးပြီးသား ဘယ်အရာမဆိုတော့ နောင်တမရခဲ့ဘူး။ နောင်တလဲ မရတတ်ဘူး။”လို့ ဆိုပါတယ်။

ခင်ဆွေသက် | Trend Myanmar

မှတ်ချက်များ