မိခင်ဘာသာစကား သင်ကြားခွင့်ရရေး တိုင်းရင်းသားလူငယ်များ တောင်းဆို

လူငယ်တွေအနေနဲ့ မိခင်ဘာသာစကား သင်ကြားခွင့်၊ ငြိမ်းချမ်း
ရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့်နဲ့ မူးယစ်ဆေးဝါး အန္တရာယ်တွေကို ၀ိုင်းဝန်းကာကွယ်ကြဖို့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပခဲ့ တဲ့ တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ကနေ တောင်းဆို လိုက်ပါတယ်။

မော်လမြိုင်မြို့က ရွှေမြင့်မိုလ်ထွန်းဟိုတယ်မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲကနေပြီး အောက်တို ဘာ ၁ ရက်နေ့က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

လူငယ်နဲ့ ပညာသင်ကြားမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင် ခွင့်နဲ့ မူးယစ်ဆေးဝါး အန္တရာယ်ကို ကာကွယ်တားဆီးဖို့ဆိုတဲ့ အချက်တွေကို မြန်မာနိုင်ငံအနှံက တက်ရောက်လာတဲ့ တိုင်း ရင်းသားလူငယ်ကိုယ်စားလှယ်တွေက ဆွေးနွေးပြီး သဘော ထားကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေးကော်မတီဝင် မိမရမူက “တိုင်းရင်းသားတွေ
ကျောင်းမှာ အထူးသဖြင့် မိခင်ဘာသာစကား သင်ကြားဖို့ မရှိမဖြစ် လိုအပ်လာတယ်။ ပြီးတော့ လူငယ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်မှုက တအား နည်းလာလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လူငယ်တွေ ဘယ်လိုပါဝင်မလဲဆိုတာရယ်။

ပြီးတော့ မူးယစ်ဆေးဝါးဟာ နေရာအတော်တော်များများ အသက် ၁၂ နှစ်ကနေ အသက်ရွယ်ရောက်တဲ့ အထိ၊ မိန်းကလေးကအစ သုံးစွဲမှုတွေ အရမ်းကို ဆိုးဝါးနေတဲ့အတွက်ကြောင့် ရှေ့မှာ ဘယ်လို ကာကွယ်
ပေးသွားမလဲဆိုတာတွေ၊ ဒီအချက်တွေကို ဦးစားပေး ရွေးချယ်ထားတာပါ”လို့ ပြောပါတယ်။

အခု ဆွေးနွေးပွဲကနေ ချမှတ်လိုက်တဲ့ လုပ်ငန်းစဉ်တွေကို ရှေ့လာမယ့် နိုဝင်ဘာ ၁ ရက်နေ့မှာ ညီညွှတ်
သော တိုင်းရင်းသားလူငယ်များ ဖိုရမ် ဖွဲ့စည်းပြီးမှသာ အကောင်အထည် ဖော်မှာ ဖြစ်ပါတယ်။ ဖွဲ့စည်း မယ့်ဖိုရမ်မှာ တိုင်းရင်းသားလူငယ်အဖွဲ့တွေက ၁ ဖွဲ့ ကိုယ်စားလှယ် ၂ ယောက်နှုန်းနဲ့ ပါဝင်ဖွဲ့စည်းသွား မှာ ဖြစ်ပါတယ်။

အခု နှီးနှောဖလှယ်ပွဲက ချမှတ်ခဲ့တဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အစိုးရအဖွဲ့၊ နိုင်ငံရေး ပါတီတွေနဲ့ လူမှုအဖွဲ့အ စည်းတွေကို ပေးပို့ပြီး ဝိုင်းဝန်းလုပ်ဆောင်သွားဖို့ ထုတ်ပြန်ချက်တွေကို ပေးပို့သွားမှာ ဖြစ်ပါတယ်။

ချင်းတောင်သဘာဝသယံဇာတ စောင့်ကြည့်ရေးအဖွဲ့ဝင် အမ်းပီးက “တော်တော်များများတော့ ဒီဘက် က တောင်းဆိုချက်တွေကို အစိုးရအနေနဲ့ လိုက်လုပ်တာ၊ အကောင်ထည်ဖော် ပေးတယ်ဆိုတာ ရှားပါ တယ်။ ဒါပေမယ့်လည်း ဒါတွေကို ကျနော်တို့ လုပ်ရမယ့်ကိစ္စ ဖြစ်တဲ့အတွက် ဆက်ပြီးတော့ လုပ်ရပါမယ်။ သူတို့ မလုပ်ပေးလို့ ကျနော်တို့ မလုပ်ဘူးဆိုရင် ကျနော်တို့ ကျသွားမှာပေါ့။ သူတို့ မလုပ်ပေးရင် မလုပ်ပေး တဲ့ကိစ္စကို ဆက်ပြီးတော့ တောင်းရမှာပေါ့” လို့ ပြောပါတယ်။

အခု ကျင်းပခဲတဲ့ တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲကို စက်တင်ဘာ ၂၉ ရက်နေ့ကနေ အောက် တိုဘာ ၁ ရက်နေ့အထိ ၃ ရက်အကြာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနှံက တိုင်းရင်းသားလူငယ်အဖွဲ့အစည်းတွေ ၊ အမျိုးသမီးအဖွဲ့တွေ၊ ကျောင်းသားသမဂ္ဂ အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီ၊ အရပ်ဘက် အဖွဲ့အစည်း ၃၀ က လူငယ် ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

မွန်လူမှုအဖွဲ့အစည်းများကွန်ရက် အဖွဲ့ဝင် မင်းမင်းနွယ်က “ဖိုရမ်လုပ်တယ်ဆိုတာ လူရာနဲ့ ချီပြီးတော့ သူတို့ ရဲ့ တွေ့ရှိချက်တွေ၊ လက်ရှိဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေကို ဒီမှာ စုစည်းပြီးတော့ တင်ပြဆွေးနွေးတယ်။ အဲဒီ ကမှ အကောင်းဆုံးရလဒ်တွေကို အသံထုတ်ရမယ်။ ကျနော်တို့ ဒါတွေ လုပ်တယ်။ ဒါတွေ လိုချင်တယ်။ ပူးပေါင်းဆောင်ရွက်မှုက ဒီလို ရှိပါတယ်ဆိုပြီးတော့ သက်ဆိုင်ရာကို ပြောဖို့တာဝန်ရှိပါတယ်။ ဒါပေမယ့်
ပြောပြီးတော့ ပြီးသွားတယ်။ နောက်ပိုင်း action တွေ ဘာမှမပါလာဘူး” လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလူငယ်များနှီးနှောဖလှယ်ပွဲကို တိုးတက်သော မွန်လူငယ်များ အစည်းအရုံး (အမ်ဝိုင်ပီအို) က ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အခုလို နှီးနှောဖလှယ်ပွဲကို တိုင်းနဲ့ ပြည်နယ်အနှံ့မှာလည်း လာမယ် နှစ်တွေ ဆက်လက်ကျင်းပသွားဖို့ ရှိပါတယ်။

DVB



မှတ်ချက်များ