အီဘိုလာကို ကုသနိုင်သည့် ပဋိပစ္စည်းတစ်မျိုး တီထွင်နိုင်ခဲ့ကြောင်း ထိုင်းဆေးရုံတစ်ခုကြေညာ


ထိုင်းနိုင်ငံရှိ ဆေးရုံတစ်ခုက အီဘိုလာရောဂါကို တွန်းလှန် တိုက်ဖျက်နိုင်မည့် ပဋိပစ္စည်း တစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

ဘန်ကောက်ရှိ မာဟီဒေါလ် တက္ကသိုလ်၊ ဆီရီရာ့ဂ်ျ ဆေးရုံမှ ဆေးဘက်ဆိုင်ရာ သုတေသန ပညာရှင်များက မိမိတို့ တီထွင်ဖော်ထုတ်ခဲ့သည့် ပဋိပစ္စည်းသည် အနောက်အာဖရိက ဒေသကို ခြိမ်းခြောက်နေသည့် အီဘို လာ ရောဂါကို တိုက်ဖျက်နိုင်စွမ်း ရှိလိမ့်မည်ဟု ဆိုသည်။ သို့သော်လည်း အဆိုပါ ပဋိပစ္စည်းကို ဆေးဝါး အဖြစ် ပြောင်းလဲပြီး ပမာဏ အမြောက်အမြား ထုတ်လုပ်နိုင်ရန်မှာ အနည်းဆုံး တစ်နှစ်မျှ အချိန်ယူရဦးမည် ဟု သိရသည်။

အောက်တိုဘာ (၂)ရက်တွင် ဆေးရုံက ပဋိပစ္စည်းသစ် တီထွင်ဖန်တီးမှု သတင်းကို ကြေညာခဲ့ရာ အဆိုပါ ပဋိပစ္စည်းသည် ရောဂါပိုး ကူးစက်ခံထားရသည့် ဆဲလ်များအတွင်း ဝင်ရောက်နိုင်ပြီး ဆဲလ်၏ အတွင်းဘက်ရှိ ဗိုင်းရပ်စ် ပရိုတိန်းကို ဖျက်ဆီးပစ်နိုင်ကြောင်း ဖော်ပြထားသည်။

အီဘိုလာ ရောဂါကို ကုသနိုင်သည့် ဆေးဝါးမျိုး လတ်တလောတွင် မတီထွင်နိုင်သေးဘဲ ZMapp ဆေးဝါးကို သာ စမ်းသပ်အဆင့်အဖြစ် သုံးစွဲကုသနေရသည်။ ထိုင်းဆရာဝန်များက ၎င်းတို့၏ သုတေသန လုပ်ငန်း သည် အီဘိုလာ တိုက်ဖျက်ရေး ဆေးပညာကဏ္ဍကို မြှင့်တင်ရာတွင်လည်း အကျိုးပြုလိမ့်မည်ဟု ဆိုသည်။

ထိုင်းဆရာဝန်များ၏ အဆိုအရ ၎င်းတို့သည် အဆိုပါ ပဋိပစ္စည်းကို လူသားများ၏ မျိုးဗီဇဆဲလ်များတွင် ထည့်သွင်းစမ်းသပ်ပြီး အဆင့်မြှင့် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း တရားဝင် ဆေးဝါးတစ် မျိုးအဖြစ် တွင်တွင်ကျယ်ကျယ် ထုတ်လုပ်ရောင်းချနိုင်ရေးမှာမူ အကန့်အသတ်များ ရှိနေဆဲ ဖြစ်သည်။

ယခုနှစ်အတွင်း အနောက်အာဖရိက နိုင်ငံများတွင် အီဘိုလာရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ အရေ အတွက် (၃၀၀၀)ကျော်သွားပြီ ဖြစ်သည်။ အီဘိုလာသည် ရောဂါရှိသူ၏ ခန္ဓာကိုယ်မှ ထွက်ရှိသည့် အရည် မှတစ်ဆင့် ဆင့်ပွား ကူးစက်လေ့ရှိပြီး လက်ရှိအချိန်ထိ ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ရုန်းကန်နေရဆဲဟု သိရှိရသည်။

7day

မှတ်ချက်များ