အိပ်မက်ဆုံရာ Season 10 Final ဘယ်သူဆုရသွားလဲ


ခိုးကူးခွေတွေကြောင့် ဂီတလောကမှာ အဆိုတော်သစ်တွေ ထွက်မလာနိုင်တဲ့အခက်အခဲတွေ ရင်ဆိုင်နေ ရချိန် မျိုးဆက်သစ်အဆိုရှင်တွေကို အခွင့်အလမ်းတစ်ခု ဖန်တီးပေးနေတဲ့ အိပ်မက်ဆုံရာရဲ့ Season 10 Grand final ပြိုင်ပွဲကို ဇန်နဝါရီ ၁ဝရက်နေ့ကMyanmar Event Park မှာ ကျင်းပခဲ့ပါတယ်။

ဆိုရှင်တွေအဖြစ် Soma၊ ဒေးဗစ်ထူး၊ အမွန်း၊ ဖြူဖွေး စတဲ့အဆိုတော် ၈ယောက်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အကဲဖြတ်ဒိုင်တွေအဖြစ်နဲ့ စည်သူလွင်၊ မီမီဝင်းဖေ၊ မြင့်မိုးအောင်တို့က တာဝန်ယူခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ မိစန္ဒီ၊ ဖြိုးကြီးနဲ့ The Ugly Band တို့က ဧည့်သည်အဖြစ် ပါဝင်ဖျော်ဖြေခဲ့ပြီး Winnerနဲ့ People Choice ဆုကို အဆိုတော် Soma ကရသွားပါတယ်။ 1st Winnerအဖြစ် ဒေးဗစ်ထူးနဲ့ 2nd Winner အဖြစ် အမွန်း တို့က ရသွားပါတယ်။

မျိုးဆက်သစ် အဆိုရှင်တွေအတွက် ကြီးမားတဲ့အခွင့်အလမ်းဖြစ်သလို သီချင်းအယ်လ်ဘမ်တစ်ခုထုတ်ဖို့ ကုန်ကျစားရိတ်မြင့်နေတာကြောင့် ပြိုင်ပွဲကနေ တက်လာမယ်ဆိုရင် အရည်အသွေးရှိရင်ရှိသလို အောင်
မြင်နိုင်တာမို့ ဒီလိုနေရာမျိုးဟာ လူငယ်မျိုးဆက်သစ်တွေအတွက် ပြုစုပျိုးထောင်တဲ့ နေရာပါလို့ တေးရေး
မြင့်မိုးအောင်က ပြောပါတယ်။

Season 10 မှာ ပြိုင်ပွဲဝင်တွေကို ပရိသတ်ကသိပ်အားမရသလိုဖြစ်ပေမယ့် နောက်ဆုံးပြိုင်ပွဲတွေမှာတော့ ပရိသတ်အားပေးမှုပြန်ရခဲ့တဲ့အကြောင်း၊Winner ဖြစ်သွားတဲ့ Soma ဟာ တိုင်းရင်းသားဖြစ်ပြီး စကားမီတဲ့ ကြားက ကြိုးစားရုန်းကန်သွားတာမို့ ဒီဆုကို ရသွားတာလို့ ဆိုပါတယ်။

သူ့အနေနဲ့ ငယ်စဉ်ကတည်းက သီချင်းတွေကို ရူးသွပ်ခဲ့ပြီး ကြိုးစားခဲ့လို့ အခုလိုဆုရတာလို့ ပြောလာသူက Soma ပါ။ အိပ်မက်ဆုံရာကို ဝင်ပြိုင်တုန်းက ဆုကိုမမှန်းရဲဘဲ ပရိသတ်အားပေးတာကိုသာလိုချင်ခဲ့ပြီး အခု
တော့ ဆုနှစ်ခုလုံးရသွားလို့ အားပေးတဲ့ပရိသတ်ကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဂီတအ သစ်အဆန်းတွေကို ပရိသတ်နဲ့အဆက်မပြတ်သွားအောင် ဖန်တီးသွားမယ်လို့ ပြောပါတယ်။

2nd Winner ရသွားတဲ့ အမွန်းကတော့ စိတ်ထဲမှာ ယှဉ်ပြိုင်နေတယ်လို့မခံစားရဘဲ ပရိသတ်အတွက်
 ဖျော်ဖြေနေရတယ်လို့ပဲ ယူဆတဲ့အကြောင်း၊ ဆုရတာဟာ ဒိုင်တွေရဲ့အကဲဖြတ်ချက်နဲ့ လိုအပ်ချက်တွေကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သီဆိုခဲ့တာကြောင့် ဒိုင်တွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ အနုပညာအလုပ်တွေကို ပရိသတ်လက်ထံတဲ့အထိ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

ပရိသတ်ထောင်ချီအားပေးခဲ့တဲ့ ဒီပြိုင်ပွဲမှာ Clear People Choice ဆုအတွက် ၃သိန်းနဲ့ Winner ဆုကြေး ၁ဝသိန်းဖြစ်ပြီး 1st Winner အတွက် ၇သိန်း၊ 2ndWinner အတွက် ၅သိန်း၊ 3rd Winner အတွက် ၃သိန်း တို့ကို ပေးအပ်ခဲ့ပါတယ်။



kamayutmedia

မှတ်ချက်များ