ပက္ကြီယို - မေဝဲလ်သာ လက်ဝှေ့ပွဲ လက်မှတ်တစ်စောင် ဒေါ်လာ တစ်သိန်းခွဲနီးပါး ပေါက်ဈေးရှိ


မေလ ၂ ရက်နေ့မှာ ထိုးသတ်ကြမယ့် လက်ဝှေ့ကျော် ပက်ကွီယိုနဲ့ မေဝဲလ်သာတို့ရဲ့ ပွဲလက်မှတ်တွေဟာ စတင်ရောင်းချပြီး မိနစ်ပိုင်းအတွင်းမှာပဲ ရောင်းကုန်သွားခဲ့ပြီး အခုအွန်လိုင်းပေါ်မှာ လက်မှတ်တစ်စောင်ကို ဒေါ်လာ တစ်သိန်းလေးသောင်းကျော်အထိ တန်ကြေးရှိနေပါတယ်။

လက်ဝှေ့ကျော်နှစ်ဦးထိုးသတ်မယ့် ဒီပွဲအတွက် လက်မှတ်တစ်ထောင်သာရောင်းချထားတာဖြစ်လို့ ပွဲကြည့်ချင်သူတွေအတွက် လက်မှတ်တွေဟာ မှောင်ခိုဈေးမြင့်မားပြီးရှားပါးနေဦးမှာ ဖြစ်ပါတယ်။ ထိုးသတ်ကွင်းထဲမှာ ပိုနေတဲ့ ထိုင်ခုံလက်မှတ်တွေကို လက်ဝှေ့သမားတွေ၊ ပြိုင်ပွဲစပွန်ဆာပေးသူတွေကသာ ရရှိမှာ ဖြစ်ပါတယ်။ တရားဝင်ရောင်းချတဲ့ ဈေးအနည်းဆုံး လက်မှတ်တစ်စောင်ကို ဒေါ်လာ ၁၅၀၀ ပေးရပြီး အခုမှောင်ခိုဈေးကွက်ထဲမှာ ဒေါ်လာ ၇၅၀၀ လောက်ပေါက်ဈေးရှိနေပါတယ်။

ယနေ့ကမ္ဘာလက်ဝှေ့လောကမှာ အကောင်းဆုံး လက်ဝှေ့သမားနှစ်ဦးလို့ သတ်မှတ်ထားကြတဲ့ ဒီနှစ်ယောက်ရဲ့ ပွဲစဉ်ဖြစ်မြောက်ဖို့ ငါးနှစ်လောက်အချိန်ယူစီစဉ်ခဲ့ကြရပါတယ်။ ထိုးသတ်ကြေးချည်းသက်သက် ဒေါ်လာ သန်း ၂၅၀ လောက်တန်ကြေးရှိတဲ့အတွက် အမြင့်မားဆုံးထိုးသတ်ကြေးလည်းဖြစ်ပါတယ်။ ပက်ကွီယိုက ၅၇ ပွဲနိုင်၊ ၂ ပွဲသရေ၊ ငါးပွဲရှုံးထားတဲ့စံချိန်ရှိပြီး မေဝဲလ်သာကတော့ ၄၇ ပွဲထိုးသတ်ရာမှာ ရှုံးပွဲမရှိသေးတဲ့ လက်ဝှေ့သမား ဖြစ်ပါတယ်။

Planet Myanmar

မှတ်ချက်များ