ခဲသတ္တုပါဝင်မှုများသည့် မောချီးတောင်ပေါ်ရေ ကျန်းမာရေး အန္တရာယ်ရှိ
ကယား(ကရင်နီ)ပြည်နယ် မောချီးတောင်ပေါ် သောက်သုံးရေသည် ခဲသတ္တုပါဝင်မှု များသည့် အတွက် ဒေသခံပြည်သူများ ကျန်မာရေး အန္တရာယ်ရှိသည်။
ရေတစ်လီတာတွင် ခဲသတ္တု ၁.၄ မီလီဂရမ်ပါဝင်သည့်နေသည့်ဟု မောချီးဧရိယာ ဖွံ့ဖြိုးရေး ကွန်ယက် စီမံကိန်း ညှိနှိုင်းဆောင်ရွက်ရေးမှူး စောသက်ထူးက ပြောသည်။
“ဒီရေဟာ အဲဒီပတ်ဝန်းကျင်မှာနေထိုင်တဲ့ သူတွေအတွက် အရမ်းကို အန္တရာယ်များ ပါတယ်၊ ကျန်းမာရေးအတွက် အနှောက်အယှက်ဖြစ်စေပါတယ်” ဟု သူက ပြောသည်။
သောက်သုံးရေ ၁ လီတာအတွင်း ခဲသတ္တု ၀.၀၁ မီလီဂရမ်ခန့် အထိသာ သောက်သုံး နေပြီး ယခု ခဲသတ္တု ပါဝင်မှုမှာ များပြားနေသည့် အတွက် မသောက်သုံးသင့်ဟု ဆိုသည်။
မောချီးတောင်ပေါ်ရေသည် ကိုလိုနီခေတ်က တူးဖော်ထားသည့် အမှတ် ၃ သတ္တု ကျင်းက ထွက်လာသည့် သတ္တု သန့်စင်မည့် ရေလည်း ဖြစ်သည်။
ရေရှားပါးသည့်အတွက် သောက်သုံးရေများကိုလည်း ၎င်းသတ္တုသန့်စင်မည့်ရေကို သောက်သုံးကြရခြင်းဖြစ်သည်။
အန္တရာယ်ကို သိသော်လည်း ရေရှားပါးသည့် အတွက် သောက်ဆုံးနေရသည်ဟု မောချီးတောင် ပေါ်တွင် အလုပ်လုပ်နေသည့် ဒေသခံတဦးက ပြောသည်။
“မောချီးတောင်ပေါ်ပြည်သူလူထုတွေ အဲဒီတောင်ပေါ်လူထုတွေက တောင်ပေါ်ကန် ရေပဲသောက်ရ တယ်၊ အခုတော်တော်ခဲဆိပ်သင့်နေပြီ၊ အရေးပြားစပေါ့ထမယ်၊ ဝမ်းလျှောမယ်၊ တချို့ဆိုရင် ကိုယ်ဝန်ပျက်ကျတာမျိုး ရှိတယ်” ဟု မော်ချီးဒေသခံ ကိုစိန်ဝင်းက ပြောသည်။
မောချီးဒေသရှိ မိုလိုချောင်း ရေတလီတာတွင် ခဲသတ္တု ၀.၉ မီလီဂရမ် ပါဝင်နေပြီး ထိုရေကို သောက်သုံးနေသည့် ဒေသခံများ ခဲ့ဆိပ်သင့် ရေများ သောက်ဆုံးနေရသည်ဟု ဒေသခံများက ပြောသည်။
လိုခါးလိုကျေးရွာမှ ဒေသခံများ၊ တောင်ပေါ်ခဲအလုပ်သမားများ၊ အမှတ် ၃ သတ္တုကျင်း အနီးတဝိုက်ရှိ ဒေသခံများနှင့် မိုလိုချောင်းအသုံးပြုသူ ချောင်းတလျှောက်ရှိ ပြည်သူများသည် ခဲဆိပ်သင့်နေသည့် ရေကို အသုံးပြုနေကြရသည့်အတွက် ရေကောင်းရေသန့်ရရှိရေး အကူအညီများလိုအပ်လျက်ရှိသည်။
မောချီးခဲသတ္တုတွင်းစီမံကိန်းကြီးသည် နှစ် ၁၀၀ ကျော်ပြီ ဖြစ်သော်လည်း စီမံကိန်းက အကျိုးအမြတ်များကို ဒေသခံပြည်သူများ ခံစားရခြင်း မရှိချေ။
ကယားထဲ - ကန္တာဝတီတိုင်း(မ်)

မှတ်ချက်များ