အမေရိကန်က အီရတ်ကို ဒုံးကျည်တွေ ပို့ပေးမယ်


အီရတ်နိုင်ငံမှာ IS အစ္စလာမ္မစ်နိုင်ငံတပ်ဖွဲ့ လက်ထဲ ရာမာဒီမြို့ ကျသွားအပြီးမှာ အမေရိကန်အစိုးရက အီရတ်အစိုးရထံ တင့်ကားပစ် ဒုံး ၁၀၀၀ ပေးပို့မယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဘဂ္ဂဒက်မြို့ အနောက်ဘက်မှာ ရှိတဲ့ ရာမာဒီမြို့တိုက်ပွဲမှာ IS တွေဘက်က သုံးနေတဲ့ ခေတ်မီ ဖောက်ခွဲရေး စက်ကိရိယာတွေ တပ်ဆင်ထားတဲ့ မော်တော်ယာဉ်ကြီးတွေကို တန်ပြန်တိုက်ရာမှာ ဒီ missile ဒုံးတွေက အထောက်အကူ ပြုလိမ့်မယ်လို့ အမေရိကန် စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ရာမာဒီမြို့ကို ပြန်သိမ်းနိုင်ဖို့ ကြိုးစားနေတဲ့ အီရတ် ရှီယာတပ်ဖွဲ့တွေကို အမေရိကန် စစ်တပ်က လေကြောင်းကနေလည်း အကူအညီတွေ ပေးသွားမှာ ဖြစ်ကြောင်း၊ ရှီယာတပ်ဖွဲ့တွေ အနေနဲ့ အီရတ်အစိုးရရဲ့ ကွတ်ကဲမှု အောက်မှာ ရှိမှသာ အခုလို အကူအညီ ပေးမှာ ဖြစ်ကြောင်း အမေရိကန် စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေု့တုန်းက သူပုန်တွေ လက်ထဲ ကျသွားတဲ့ ရာမာဒီမြို့က ထွက်ပြေးလာသူ ထောင်ပေါင်းများစွာကို မနေ့က မနက်ပိုင်းကမှ ဘဂ္ဂဒက်မြို့ထဲ ၀င်ခွင့်ပြုခဲ့ပါတယ်။

သူတို့ကို အကာအကွယ် ပြုပြီး ဘဂ္ဂဒက်မြို့ထဲ IS တွေ ၀င်ကောင်းဝင်လာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေလို့ ဖြစ်ပါတယ်။

BBC Burmese

မှတ်ချက်များ