ရာမာဒီမြို့ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများ လက်အောက်သို့ ကျရောက်သွားခြင်းအတွက် အီရတ်စစ်တပ်၏ ညံ့ဖျင်းမှုကို အမေရိကန်က ပြင်းထန်စွာ ဝေဖန်လိုက်သည်။
CNNနှင့် အင်တာဗျူး အစီအစဉ်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန် ကာတာက အီရတ် စစ်သားများသည် အိုင်အက်စ်တို့ကို တုံ့ပြန်တိုက်ခိုက်ရန် စိတ်ပါလက်ပါ မရှိကြောင်း ပြစ်တင်ခဲ့သည်။ “ကြည့်လိုက်လေ။ အီရတ်တပ်ဖွဲ့ဝင်တွေ အားလုံးက တိုက်ပွဲဝင်ဖို့ စိတ်ထက်သန်မှု လုံးဝ မရှိတဲ့ပုံပဲ”ဟု ကာတာက ဆိုသည်။
“တကယ်က အိုင်အက်စ်တွေက အီရတ်တပ်ဖွဲ့တွေထက် အရေအတွက် အကြီးအကျယ် သာလွန်နေတာ မဟုတ်ဘူး။ သူတို့ကိုယ်တိုင်က ရန်သူကို အသာရအောင် လုပ်ပေးနေတာ။ အီရတ်စစ်သားတွေက တိုက်ပွဲဝင်ဖို့ ပျက်ကွက်ခဲ့တယ်။ ကိုယ်ခြေကုပ်ယူထားတဲ့ နေရာကနေ အလွယ်တကူ ဆုတ်ခွာပေးကြတယ်။ အီရတ်စစ်သားတွေက အိုင်အက်စ်ကို တိုက်ဖို့ထက် ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင် လုပ်ဖို့ပဲ ဦးစားပေး စဉ်းစားနေကြတယ်”ဟု ကာတာက ပြောကြားခဲ့သည်။
ရာမာဒီမြို့ ကျသွားခြင်းသည် အိုင်အက်စ်တို့ကို ထိုးစစ်အရှိန် မြှင့်တင်ရန် ကြိုးပမ်းနေသည့် အမေရိကန်နှင့် မဟာမိတ် အီရတ် အစိုးရတို့အတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်လာသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အိုင်အက်စ်တို့ လက်အောက်ခံ နယ်မြေအချို့ကို အီရတ်တပ်များက ပြန်လည် သိမ်းယူလာနိုင်သော်လည်း အီရတ်စစ်သားများ အနေဖြင့် ရန်သူကို ရဲရဲရင့်ရင့် တိုက်ခိုက်ရန် လိုအပ်ကြောင်း ကာတာက သတိပေးခဲ့သည်။
“ကျွန်တော်တို့က အီရတ်စစ်သားတွေကို လေ့ကျင့်ပေးနိုင်တယ်။ လိုအပ်တဲ့ အသုံးအဆောင်တွေ ထောက်ပံ့ပေးနိုင်တယ်။ ဒါပေမဲ့ သူတို့ တိုက်ရဲခိုက်ရဲလာအောင် ကျွန်တော်တို့ လုပ်ပေးလို့ မရဘူး။ ကိုယ့်ဘက်က သင်တန်းတွေပေး၊ အထောက်အပံ့တွေပေး၊ လက်နက်ကိရိယာတွေ ကူညီပေးနေတဲ့ အချိန်မှာ အီရတ်စစ်သားတွေကလည်း စိတ်ပါလက်ပါ တိုက်ပွဲဝင်လာဖို့ ကျွန်တော် မျှော်လင့်တယ်။ သူတို့သာ တကယ်တိုက်ရင် အိုင်အက်စ်အိုင်အယ်လ်ကို အနိုင်ယူနိုင်စွမ်း ရှိနေတုန်းပဲ”ဟု ကာတာက ပြောကြားခဲ့သည်။ ကာတာသည် အမေရိကန်အစိုးရ၏ မူဝါဒအတိုင်း အိုင်အက်စ် အဖွဲ့ကို အမည်ဟောင်း အိုင်အက်စ်အိုင်အယ်လ်ဟုသာ သုံးနှုန်းသွားသည်။
အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ် အဘာဒီကမူ မိမိတို့သည် ရာမာဒီကို ရက်ပိုင်းအတွင်း ပြန်လည် သိမ်းပိုက်နိုင်မည်ဟု ယုံကြည်ထားကြောင်း ဆိုသည်။ BBCနှင့် အင်တာဗျူးတွင် အဘာဒီက “မစ္စတာကာတာဟာ အီရတ်အပေါ်မှာ အများကြီး အထောက်အပံ့ပေးခဲ့သူပါ။ ဒါပေမဲ့ သူ့စကားအရ သူဟာ သတင်းအချက်အလက်အမှားတွေအပေါ် အခြေခံပြီး ပြောနေတာ ဖြစ်ပါလိမ့်မယ်။ အီရတ်တပ်ဖွဲ့တွေဟာ တိုက်ခိုက်လိုစိတ် အပြည့်ရှိပါတယ်။ ဒါပေမဲ့ ဒေ့ရှ် (အိုင်အက်စ်)တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုတွေ၊ ဖောက်ခွဲရေးကိရိယာ တင်ဆောင်လာတဲ့ သံချပ်ကာယာဉ်တွေက နျူကလီးယားဗုံး အငယ်စားလို သူတို့စိတ်ကို သက်ရောက်စေပါတယ်။ ဒီအချက်က ကျွန်တော်တို့ တပ်ဖွဲ့တွေအပေါ် အကြီးအကျယ် ဆိုးကျိုးဖြစ်လာစေပါတယ်”ဟု ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ “ရာမာဒီကို လက်လွှတ်လိုက်ရခြင်းဟာ ကျွန်တော်တို့အတွက် အသည်းကွဲစရာပါပဲ။ ဒါပေမဲ့ ကျွန်တော် အာမခံပါတယ်။ ရက်ပိုင်းအတွင်း ဒီမြို့ကို ကျွန်တော်တို့ ပြန်သိမ်းယူနိုင်မှာပါ”ဟုလည်း မှတ်ချက်ပြုသွားသည်။
7day Daily

မှတ်ချက်များ