မိန်းကလေးတွေ သင်္ချာ မတွက်ဖို့ ဆုံးဖြတ်လိုက်တဲ့ အခါ


အသက် (၁၆) နှစ်အရွယ် ဆူဆန်နာသည် ဂဏန်းသင်္ချာမှ စပြီး အင်္ဂလိပ်ဘာသာ စကားအထိ အမှတ် ကောင်းကောင်း ရရှိခဲ့သည့် ကျောင်းသူလေး ဖြစ်သည်။ မကြာသေးမီရက် များတွင်တော့ ဆူဆန်နာသည် တက္ကသိုလ်ဝင်တန်း တက်ရောက်သည့် အခါတွင် ရူပဗေဒနှင့် ကဲကုလကို ဖြုတ်ထားက ၎င်း တို့နေရာတွင် ပြဇာတ်စာပေနှင့် လုပ်ငန်းခွင် သဘောတရား ဘာသာရပ်များ ကိုသာ အစားထိုးလေ့လာချင်ကြောင်း မိဘများကို အသိပေး ခဲ့သည်။ နောက်ထပ် သိပ္ပံနှင့်သင်္ချာ သင်ယူနေ ခြင်းသည် အချိန်ဖြုန်း ခြင်းသာ ဖြစ်ပြီး ကောလိပ် တက်သည့် အခါတွင် ၀ိဇ္ဇာ ဘာသာရပ် တစ်ခုခု ကိုသာ အဓိက ဘာသာအဖြစ်ယူ လိုကြောင်း သူက အကြောင်းပြ ပြောဆို ခဲ့သည်။

မိဘတွေ ကလည်း သားသမီး အလို လိုက်ခဲ့သည်။ သမီးဖြစ်သူ၏ ပညာရေးကို စိုးလည်း မစိုးရိမ်၊ အကြောင်းအရင်း ကိုလည်း မမေးခဲ့ကြ။ ကောင်းပြီ သမီးရေ ဟုသာ သူတို့က ပြောဆိုခဲ့သည်။ ဘာပဲဖြစ်ဖြစ် သမီး ဖြစ်သူမှာ စာတော်သော ကျောင်းသူသာ ဖြစ်သည်။ သဘာဝ တရားကြီးနှင့် စက်ပစ္စည်း တွေကို နားမလည် လို့လည်း သမီး ဖြစ်သူ ဘာမှ ဖြစ်သွားမည် မဟုတ်ဟု သူတို့ ယူဆ ထားသည်။

သင်္ချာနှင့် သိပ္ပံ ဆိုသည်မှာ မိန်းကလေးများ လေ့လာရမည့် အရာ မဟုတ်ဟု ယူဆကာ ၀ိဇ္ဇာ ဘာသာရပ် များကို ပြောင်းလဲ သင်ယူခြင်းသည် မိန်းကလေး ကိုယ်တိုင် လက်ခံ ထားသည့် အမျိုးသမီးရေးရာ မသန်မစွမ်းမှုသာ ဖြစ်သာ ဖြစ်သည်။ ဆူဆန်နာသာ တက္ကသိုလ် ၀င်တန်းတွင် အင်္ဂလိပ် ဘာသာစကားနှင့် စာပေကို ဖြုတ်ချထားခဲ့ ချင်ကြောင်း ပြောဆိုခဲ့မည် ဆိုလျှင် မိဘများ အံ့သြ တုန်လှုပ် သွားမည်မှာ အမှန်ပင် ဖြစ်သည်။ ဆူဆန်နာ နေရာတွင် သားယောက်ျားလေးက သင်္ချာနှင့် သိပ္ပံကို မသင် လိုကြောင်း ပြောဆိုခဲ့မည် ဆိုပါက မိဘများ အံ့သြလွန်းလို့ မေ့ပင်လဲကျသွား နိုင်သည်။

အကြောင်းအရင်း ရှိနေပါသည်။ သင်္ချာနှင့် သိပ္ပံ ဆိုသည်မှာ ယောက်ျားဆန်သော ဘာသာရပ်များ ဖြစ်သည်၊ ဘာသာ စကားနှင့် စာပေကဲ့သို့ ၀ိဇ္ဇာ ဘာသာရပ်များမှာ မိန်းမဆန်သော ဘာသာရပ်များ ဖြစ်သည်ဟု မှားယွင်းစွာ မှတ်ယူထားကြ သောကြောင့် ဖြစ်သည်။ သိပ္ပံနှင့် သင်္ချာ ဆိုင်ရာ အသိဉဏ် မဲ့မှုမှာ မိန်းကလေးများ ကိုယ်တိုင် လက်ခံ ထားသည့် အမျိုးသမီး ရေးရာ မသန်မစွမ်းမှုဟု ရှေ့တွင် ဆိုခဲ့ပြီး ပါပြီ။ ယင်းကိစ္စတွင် မိန်းကလေး များတွင်မဟုတ် ယင်းမိန်းကလေးများ၏ မိဘများပါ ကြံရာပါဟု ဆိုရမည် ဖြစ်သည်။

၁၉၇၀ ခုနှစ်များမှစပြီး ဆေးပညာ အပါအ၀င် သိပ္ပံနှင့် ဆက်နွယ်သော ဘာသာရပ်များကို သင်ယူသည့် အမျိုးသမီးများ များပြားလာခဲ့ပါသည်။ သို့သော် အမျိုးသမီးများမှာ ယင်းဘာသာရပ် များကို ဘွဲ့ ကြို အဖြစ်သာ တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။ သိပ္ပံ ဘာသာရပ် များကို ဘွဲ့လွန် ဒီဂရီ ရရှိရေး တက်ရောက်သည့် အမျိုးသမီး ဦးရေ လွန်စွာ နည်းပါးနေပါ သေးသည်။ ဘွဲ့ ရရှိသူ အမျိုးသမီး ဦးရေ များပြားသည်ဟု ဆိုတိုင်း သိပ္ပံဆိုင်ရာ ပညာရပ် နယ်ပယ်တွင် လုပ်ကိုင်နေသည့် အမျီုးသမီး ဦးရေ များပြားနေသည်ဟု တစ်ထစ်ချ မှတ်ယူလို့ မရနိုင်ပါ။

သင်္ချာနှင့် သိပ္ပံပညာရပ် များကို ဆက်လက် သင်ယူလိုစိတ် မရှိတော့ဟု မိန်းကလေးများ ဆုံးဖြတ်ချက် ချမှတ် တတ်သည့် အရွယ်မှာ အသက် (၁၄) နှစ်၊ (၁၅) အရွယ်များ ဖြစ်ကြပါသည်။ ယင်းအရွယ်တွင် ပြင်ပ၏ သက်ရောက်မှုကြောင့် ဖြစ်စေ၊ ကိုယ်တိုင်၏ စိတ်ပါဝင်စားမှု နည်းပါးခြင်းကြောင့် ဖြစ်စေ သင်္ချာ ဆိုသည်မှာ ယောက်ျားဆန်သော ဘာသာရပ် ဖြစ်သည်၊ သင်္ချာကိုသာ လေ့လာ လိုက်လျှင် အလှအပတွေ ပျက်ကာ မျက်မှန်ကြီး ထူလာမည် ဟု မှားမှား ယွင်းယွင်း ယူဆလေ့ရှိ ကြသည်။

အလယ်တန်းကျောင်း တက်ရောက်စဉ်က ဂဏန်းသင်္ချာနှင့် ပြဿနာ မရှိခဲ့သည့် မိန်းကလေး များသည် အထက်တန်း ကျောင်းတက် ရောက်သည့် အခါတွင် သင်္ချာ ကြောက်စိတ်ဝင်လာတတ် ကြသည်။ အမျိုးသားများလည်း သင်္ချာ ကြောက်စိတ် ရှိကြ ပါသည်။ သို့သော် သင်္ချာကြောက်သူ များတွင် အမျိုးသမီး ဦးရေက ပိုမိုများပြား နေပါသည်။ ဆယ်ကျော်သက် အရွယ်တွင် သင်္ချာကြောက်စိတ် ၀င်လာရခြင်းမှာ မတော်တဆ ပေါ်ပေါက် လာသည် မဟုတ်ပါ။

စာကြမ်းပိုးလေး သို့မဟုတ် ပိုးဟပ်ဖြူလေးဟု ယောက်ျားလေးက သတ်မှတ်ပြီး အကြည့်မခံ ရမည်၊ စိတ်ဝင်စားမခံ ရမည်ကို ဆယ်ကျော်သက် မိန်းကလေးများ စိုးရိမ်တတ်ကြ ပါသည်။ ထို့ပြင် သိပ္ပံဆိုသည်မှာ အမျိုးသမီး များ၏ ဉဏ်ကျင်လည် ကျက်စားရာ နေရာမဟုတ်၊ ယောက်ျားသားများ ကျင်လည် ကျက်စားရာ နေရာဟုလည်း သတ်မှတ်ကြ ပြန်သည်။ ဆန့်ကျင်ဘက် အဖြစ် နိုင်ငံခြား ဘာသာ စကား လေ့လာခြင်းကိုမူ အမျိုးသမီး ရေးရာ ဘာသာရပ်အဖြစ် သတ်မှတ်တတ် ကြသည်။ ဘာသာစကား ဌာနများတွင် အမျိုးသမီးကျောင်းသူ၊ အမျိုးသမီး ပါမောက္ခ များပြားနေခြင်းက ယင်း အချက် ကို ထောက်ခံနေသည်။

အမေရိကန် ပြည်ထောင်စု၌ ၁၉၈၁ ခုနှစ်တွင် အမျိုးသား ပညာရေးဌာန၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့သော သုတေသန တစ်ခုတွင် အလယ်တန်း နှင့် အထက်တန်း ကျောင်းသူများကြား သင်္ချာနှင့် ပတ်သက်သည့် စွမ်းဆောင်ရည် ကွာဟချက်ကို ဖော်ပြထားသည်။ အသက် (၁၂) နှစ်၊ (၁၃) နှစ် အရွယ် မိန်းကလေးများသည် ဂဏန်းသင်္ချာ အပါအ၀င် သင်္ချာဘာသာ ရပ်ခွဲ များတွင် ယောက်ျားလေးများနှင့် စွမ်းဆောင်ရည် တူညီနေရုံ သာမက တချို့ ဘာသာ ရပ်များတွင် ယောက်ျားလေးများ ထက်ပင် စွမ်း ဆောင်ရည်သာနေ ခဲ့သည်။ နောက်ထပ် (၃) နှစ်ခန့်ကြာ သော်လည်း ယင်းစွမ်း ဆောင်ရည်ရှိ ခဲ့သည့် မိန်းကလေး များသည် ယောက်ျားလေးများ နောက်တွင် များစွာ နောက်ကောက်ကျ ကျန်နေခဲ့ပြီ ဖြစ်သည်။

အထက်တန်းကျောင်းတွင် ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် ကဲကုလကဲ့သို့ ဘာသာရပ်များကို မသင်ယူ ခြင်းကြောင့် ကောလိပ် တက်ရောက် သည့် အခါတွင် ပညာရပ် ဆိုင်ရာ ရွေးချယ်ခွင့်များတွင် ကန့်သတ်ချက်များ ရှိလာ ခဲ့သည်။ အမျိုးသားနှင့် အမျိုးသမီးများကို ပူးပေါင်း သင်ကြားသည့် တက္ကသိုလ်များတွင် အမျိုးသမီး များသည် အနုပညာ ဘာသာရပ်များ၊ လူမှုသိပ္ပံ ဘာသာရပ် များနှင့် အစဉ်အလာ အရ အမျိုးသမီး ဘာသာရပ် များဟု သတ်မှတ်ခံထား ရသည့် ပညာရေး ဆိုင်ရာ ဘာသာရပ်များကို လေ့လာသင်ယူ နေသည်ကို မြင်နိုင်မည် ဖြစ်သည်။ သိပ္ပံနှင့် နည်းပညာနှင့် ဆက်စပ်သော ဘာသာရပ် ဆိုင်ရာ ဌာနများကိုမူ အမျိုးသား များက နေရာအပြည့် ယူထား ကြသည်။

သင်္ချာနှင့် သိပ္ပံ ဘာသာရပ်များကို တက္ကသိုလ်တွင် မလေ့လာခဲ့သည့် အမျိုးသမီးများသည် ရာထူးရာခံ ကြီးမား လာသည့် အခါတွင် ရာထူးရာခံ အလိုက် စီမံခန့် ခွဲမှုအပြင် စာရင်းအင်း ဘာသာရပ်များကို သင်ယူကြရ ပြန်သည်။ သိပ္ပံနှင့်သင်္ချာကို ကျွမ်းကျင် ခြင်းကြောင့် သိပ္ပံပညာရှင်ကြီး၊ သင်္ချာ ပညာရှင်ကြီး ဖြစ်လာမည်ဟု မျှော်မှန်းနေခြင်း မဟုတ်ပါ။ ဘာသာစကား ကျွမ်းကျင်ခြင်းကြောင့်လည်း နာမည်ကျော် စာရေး ဆရာကြီး ဖြစ်လာမည်ဟု မျှော်မှန်း လို့လည်း မရနိုင်ပါ။ သို့သော် သိပ္ပံနှင့် သင်္ချာ မတတ်မြောက်မှုကြောင့် လူသား အတွေ့အကြုံကို ပြည့်ဝစွာ မခံစားနိုင်တော့ ဟုသာ ဆိုချင် ပါသည်။

သိပ္ပံနှင့် ပတ်သက်ပြီး မကျွမ်းဝင်ခြင်းမှာ အမျိုးသမီးများတွင်သာ သီးသန့် ရှိနေသည့် ပြဿနာ တစ်ရပ် မဟုတ်ပါ။ ပညာရပ်ဆိုင်ရာ အသိုင်း အ၀ိုင်း တချို့တွင် သိပ္ပံ၊ သင်္ချာဘာသာရပ် များနှင့် မကျွမ်းဝင်ခြင်း ကိုပင် မရှက်မကြောက်စတမ်း ကြွားဝါ ပြောဆိုနေ ကြသည်။ အမျိုးသမီး စာရေးဆရာ တချို့က မျိုးဗီဇပညာ ဆိုသည်မှာ အမျိုးသမီးများအား ကလေး မွေးဖွားခြင်းမှ သက်သာခွင့်ပေးမည့် ပညာဟု ယူဆနေကြ သလို ၀ိဇ္ဇာပညာရှင် အမျိုးသား တချို့ကလည်း ကွန်ပျူတာ အကြောင်း နားမလည်ကြောင်း ကြွားဝါနေ ကြသည်။ ဒီလို အသိပညာ ခေါင်းပါးမှုမျိုးမှာ အမျိုးသား ဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ ဂုဏ်ယူပြီး ပြောဆို နေရမည့် အသိပညာ ခေါင်းပါးမှု မဟုတ်ဟုသာ ထင်မြင်မိသည်။

နည်းပညာ လွန်စွာ ထွန်းကားလာ သည့်ခေတ်၊ နည်းပညာက နေ့စဉ် ဘ၀ကို ချုပ်ကိုင် လာသည့် ခေတ်တွင် ကွန်ပျူတာ၏ အသုံးဝင်ပုံ သဘော နှင့် ခရိုမိုဇုန်းတို့ကို နားမလည်ခြင်းက ကူရာမဲ့ ဘ၀ကို ရောက်စေတတ် ပါသည်။ အမျိုးသမီးများ အပေါ် ပုံစံအမျိုးမျိုးဖြင့် အမြတ်ထုတ်နေသော ခေတ်တွင် ယင်းကဲ့သို့ မသိနားမလည်မှု များကြောင့် အမျိုးသမီးများ ဘ၀ပင်ပျက်သွားနိုင် ပါသည်။ ဆယ်ကျော်သက် အရွယ်တွင် သင်္ချာနှင့် သိပ္ပံတို့နှင့် ပတ်သက်ပြီး အယူမှားများ ၀င်ရောက်တတ် သောကြောင့် သမီးငယ်များ အသိပညာရပ် များကို ယောက်ျားဆန်သည် ၊ မိန်းမဆန်သည် ခွဲခြားခြင်း မပြုစေရေး အသိပညာ ပေးရန် မိဘများတွင်သာ လုံးဝတာဝန်ရှိနေ ပါသည်။

messenger

မှတ်ချက်များ