အမေရိကန် ပိတ်ဆို့မှု၊ ပြည်ပ ခရီးသွား ၀င်ရောက်မှု အပေါ် မထိခိုက်
အမေရိကန် နိုင်ငံမှ မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှု တစ်နှစ် သက်တမ်းတိုးခြင်းသည် မြန်မာနိုင်ငံသို့ လာရောက်မည့် ကမ္ဘာလှည့် ခရီးသွား များ ၀င်ရောက်မှု အပေါ် ထိရောက်မှု မရှိနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးကျော်မင်းထင်က ပြောသည်။
ယမန်နေ့က နေပြည်တော်ရှိံ Hilton ဟိုတယ်တွင် ပြုလုပ်သည့် နိုင်ငံတကာ ခရီးသွား အေဂျင်စီ များအား မြန်မာနိုင်ငံရှိ ခရီးသွား ဒေသများ မိတ်ဆက်ပွဲ၌ ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ စီးပွားရေး ပိတ်ဆို့မှု သက်တမ်းတိုးတာ က ခရီးသွား လုပ်ငန်းအပေါ် သက်ရောက်မှု မရှိပါဘူး။ အရင်ပိတ်ဆို့ ထားတုန်း ကလည်း လာနေတာပဲ။ ခရီးသွား လုပ်ငန်းက စီးပွားရေး ပိတ်ဆို့မှုထက် မြန်မာနိုင်ငံရဲ့ သာယာ လှပမှုနဲ့ သဘာဝ သယံဇာတ တွေကို တစ်ကမ္ဘာလုံးက သိမသိ အပေါ်ဘဲ မူတည်တယ် ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးကျော်မင်းထင်က ပြောသည်။
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အဖွဲ့ချုပ် အနေဖြင့် မြန်မာနိုင်ငံသို့ အနောက် ဥရောပနှင့် လက်တင် အမေရိကရှိ နိုင်ငံများမှ ကမ္ဘာလှည့် ခရီးသွားများ ၀င်ရောက်မှု များပြားစေရန် အတွက် နိုင်ငံတကာ ခရီးသွား အေဂျင်စီများနှင့် ပူးပေါင်း ဆောင်ရွက်ရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကို အများဆုံး လာတာ ကတော့ ထိုင်းနဲ့တရုတ်ဘဲ။ အရှေ့အာရှ ပေါ့။ မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းက ၀င်ငွေကို အဓိက အထောက်အကူပြုတာ ကတော့ အနောက် ဥရောပနဲ့ အမေရိကား က ခရီးသွားတွေပဲ ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကျော်မင်းထင်က ပြောသည်။
အမေရိကန်နိုင်ငံသည် စီးပွားရေး ပိတ်ဆို့မှုကို ၁၉၉၇ခုနှစ်၊ မေလ(၂၀)ရက်နေ့ တွင် စတင်ပြုလုပ်ခဲ့ပြီး အဆိုပါ စီးပွားရေး ပိတ်ဆို့မှုကြောင့် အမေရိကန်နိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံများ ပြုလုပ်ခြင်းနှင့် အမေရိကန် ထုတ်ကုန်များ မြန်မာနိုင်ငံသို့ တင်ပို့ခြင်းတို့ကို ကန့်သတ် ပိတ်ပင် ထားကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားများ ၀င်ရောက်မှုသည် ၂၀၁၃ခုနှစ်တွင် (၂၀၄၄၃၀၇) ဦးရေ ရှိရာမှ ၂၀၁၄ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသည် (၃၀၈၁၄၁၂) ဦးရေ ၀င်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ထံမှ သိရသည်။
messenger
မှတ်ချက်များ