![]() |
| ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ရှေ့ဆောင်ရုပ်ရှင်ရုံကို တွေ့ရစဉ်(ဓာတ်ပုံ-ကျော်ဇင်သန်း) |
![]() |
လာမည့်နှစ်ဆန်းတွင် လက်ရှိကျင့်သုံးနေသော တန်းစီစနစ်မှရုံတွဲစနစ်ဖြင့် ပြသနိုင်မည့် စနစ်ကိုပြောင်းလဲကျင့်သုံးတော့မည်ဟု မေလ ၁၆ ရက်က ပြုလုပ်ခဲ့သော ရုပ်ရှင်ရုံတင် ပြသရေးစနစ်ပြောင်းလဲရေး ဆွေးနွေးပွဲ၌ အတည်ပြုနိုင်ခဲ့သည်။ အဆိုပါစနစ်သည်ယခင်ကတည်းက ရှိခဲ့သော်လည်းစစ်အစိုးရလက်ထက်တွင် တန်းစီစနစ်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး တန်းစီစနစ်သည် မြန်မာ့ရုပ်ရှင်ကို ပျက်စီးစေခဲ့သည့် အချက်တစ်ခုဖြစ်သည်ဟု ဒါရိုက်တာ ညီညီထွန်းလွင်က ပြောသည်။
‘‘မရှိသင့်တဲ့ ဌာနဆိုင်ရာတွေ ပေါ်လာပြီး ရုပ်ရှင်ရုံတွေ ကို ပြည်သူပိုင်သိမ်း၊ သူတို့ရွှေဉာဏ်တော်စူးရောက်ပြီး စနစ်တွေထွင်လိုက်တာ။ မြန်မာကားကို ဇာတ်လမ်းစိစစ်ရေးဆိုပြီး တင်ရတယ်။ ဆင်ဆာလည်း တင်ရတယ်။ ရုံတင်ရင်လည်း သူတို့ဆီတင်ရတယ်။ စစ်အစိုးရလက်ထက်က မကောင်းတဲ့ အမွေအနှစ်တွေကြောင့် တဖြည်းဖြည်းကျဆုံးသွားတာ။ တန်းစီစနစ်ကလည်း သူတို့ကြောင့်ဖြစ်တာ။ အဲဒီကတည်းက ရုပ်ရှင်ဗုန်းဗုန်းလဲတာ ပဲ’’ဟု ဒါရိုက်တာ ညီညီထွန်းလွင်ကပြောသည်။
တန်းစီစနစ်မှ ရုံတွဲစနစ်သို့ပြောင်းလဲရာတွင် ကောင်း သော အချက်များရှိပြီး ဆိုးကျိုး များလည်း ရှိနေဆဲပင်ဖြစ်သည်။ ရုံတွဲစနစ်ပြောင်းလဲရာတွင် ရုပ်ရှင်ဇာတ်ကားများကို ယခင်ထက် အချိန်စော၍ တင်နိုင်သော်လည်း ရုံပြိုင်တင်ခြင်းဖြစ်သောကြောင့် အခန့်မသင့်ပါက ဆုံးရှုံးမှုများနိုင်ကြောင်း မျက်ခြယ်ရုပ်ရှင်ထုတ်လုပ်ရေးမှ ကိုဝင်းနိုင်က သုံးသပ်သည်။
ဒါရိုက်တာညီညီထွန်းလွင်ကလည်း ‘‘‘ဆိုးကျိုးကတော့ ဘီရုံကပြတဲ့လူတွေက နစ်နာလိမ့် မယ်။ အေရုံမှာပြလို့ သိန်းခြောက် ရာ၊ ခုနစ်ရာရရင် ဘီတွဲက သိန်း သုံးရာကျော်လောက်ပဲရမယ်။ အေရုံက ရုံကြီးတွေဆိုတော့ လူဝင်တာပေါ့။ သမ္မတရုံမှာ တော်ရုံတန်ရုံ လူမဝင်တဲ့ ဇာတ်ကားက ဒီဘက်မှာလူဝင်တာလောက်ရှိတယ်။ စွန့်တော့စွန့်စားရမယ်။ စွန့်စားချင် တဲ့ လူတွေကတော့တင်မှာပဲ။ တင်ဖို့ တာစူနေတဲ့ လူတွေလည်းများတယ်။ မစောင့်နိုင်ဘူး။ ဖောက်ထွက်ချင်တဲ့လူတွေလည်းရှိပါတယ်။ ဖောက်ထွက်ရင်းနဲ့ ဒီလိုရုံတွေမှာ မတင်လို့ ကြည့်လေ့ကြည့်ထမရှိပေမယ့် ရုံတွေမှာ တင်လို့ ကြည့်မယ်ဆိုရင် ဝင်ငွေလည်းမြင့်လာမယ်ထင်တယ်’’ ဟု ၎င်း၏အမြင်ကိုပြောသည်။
ရုံတွဲစနစ်ကို ပြောင်းလဲခြင်းသည် ကောင်းမွန်သည့်ပြောင်းလဲ ခြင်းတစ်ခုဖြစ်သော်လည်း ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားများရုံတင်နိုင်ရေးအတွက် ဆေးမြီးတိုနှင့်ကုသသည့် အဆင့်သာရှိ သေးကြောင်း ဆာတိုရီဗီဒီယိုထုတ်လုပ်ရေးမှ ဒါရိုက်တာ ရီ ဇော်က ပြောသည်။
‘‘ဖလင်ကော်ပီထုတ်ဖို့ မလိုတော့ဘူးဆိုတဲ့အချိန်မှာ ရိုက်ကူးဖို့တင်ပြလာတာ မတ်လထဲမှာ တင် ကားသုံး ဆယ်ကျော်ရှိတယ်။ သေချာတာကတော့ ဇာတ်ကားတွေများလာမယ်။ အရည်အသွေးနိမ့်ကျလာနိုင်တယ်။ အရည်အသွေးနိမ့်တဲ့ ကားတွေတင်တဲ့ အခါမှာ ပြည်သူက ဒဏ်ခတ်တာခံရနိုင်တယ်’’ဟု ၎င်းကပြောကြားသည်။
ရုပ်ရှင်ရုံများကို အေ၊ ဘီ ခွဲရာတွင်လည်း တစ်ဖက်နှင့် တစ်ဖက်အညီအမျှဖြစ်စေရန် ခွဲဝေနိုင်ရေးမှာ အရေးကြီးသည့်အချက် တစ်ချက်ဖြစ်ကြောင်း ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ကအကြံပြုသည်။
‘‘အေရုံတွဲ၊ ဘီ ရုံတွဲ ခွဲတာက ဘယ်လိုတိုင်းတာပြီးခွဲမှာလဲ။ မင်းသားနဲ့တိုင်းတာမှာလား။ ကင်မရာနဲ့တိုင်းတာမှာလား။ ဇာတ်ကား အရည်အသွေးအပေါ် ကို ဘာတွေနဲ့တိုင်းမှာလဲ။ အကုန်ရှုပ်ကုန် မယ်။ မဲနှိုက်ပြီးရွေးတာ အကောင်းဆုံးပဲ။ အေ၊ဘီစနစ်က အိမ်ကြက် ချင်း အိုးမဲသုတ်ပေးတာပဲ။ ဒါကိုအေ၊ ဘီလို့သတ်မှတ်တဲ့ လူကတရားခံဖြစ်လိမ့်မယ်။ နောက်ပြီးရုံကိုလည်း မျှတအောင် ခွဲသင့်တယ်’’ဟု ရုံတွဲစနစ်ဖြင့် ပြသမည့်အပေါ်၎င်း၏အမြင်ကို ပြောသည်။
သို့သော်လည်း ယခင်ရုံတွဲတစ်ခုသာရှိသည့်အချိန်နှင့် နှိုင်းယှဉ်ပါက အရည်အသွေးကောင်းသော ဇာတ်ကားများ ထွက်ပေါ် လာနိုင်သည်ဟု ၎င်းကဆိုသည်။ ထို့အတူ ဒါရိုက်တာ ညီညီထွန်းလွင်ကလည်း ‘‘ယှဉ်ပြိုင်မှုများလာတော့ အရည်အသွေးပိုင်း လည်းကောင်း လာနိုင်တယ်။ ထိပ်တိုက်ပြရမှာဆိုတော့ ကောင်းမှ ဖြစ်တော့မယ်။ အရင်တုန်းက အလှည့်ကျဝင်နေတော့ ကောင်းကောင်း၊ မကောင်းကောင်း ကြည့် တယ်။ ပြီးမှ သာမကောင်းဘူးပြောတာ။ အခုကတော့ ဇာတ်ကား ကောင်းတဲ့ ရုံကို ပိုကြည့်မယ်ထင်တယ်’’ဟု ပြောသည်။
ထို့ပြင် ယခင်က တစ်နှစ်လျှင်ရုပ်ရှင်၁၅ ကားခန့်သာ ထွက်ရှိ နိုင်သောကြောင့် ရုပ်ရှင်ရုံဆောက်ရန် ညည်းတွားနေသူများအနေဖြင့်လည်း ရုပ်ရှင်ရုံသစ်များ ဆောက်လုပ်လာနိုင်ကာ ရုပ်ရှင်ရုံအရေအတွက် တိုးလာနိုင်ကြောင်း၎င်းက ယူဆသည်။
အေ၊ ဘီရုံတွဲဖြင့် ရုံတင်ပြသ ရာတွင် အေရုံတွဲတွင်ရုံတင်မည့် ရုပ်ရှင်ဇာတ်ကားရုံတင်ပြီး တစ်ပတ်နောက်ကျ၍ ဘီရုံတွဲကရုံ တင်ခွင့်ရရှိမည်ဖြစ်ပြီး ဘီရုံတွဲ၌ ရုံ တင်ပြသသည့်ဇာတ်ကားသည် ပထမပတ်အတွင်း သတ်မှတ်ထားသည့် ပရိသတ်ရာခိုင်နှုန်း မပြည့်မီပါက တစ်ပတ်နှင့် ပြန်ဆင်းပေးရမည်ဟု ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အေရုံတွဲတွင် လက်ရှိမြန် မာဇာတ်ကားများ ရုံတင်ပြသ လျက်ရှိသော သမ္မတ ရုပ်ရှင်ရုံပါဝင်မည်ဖြစ်ပြီး ဘီရုံတွဲ၌ လက်ရှိ နိုင်ငံခြားကားများ ရုံတင်ပြသနေရှိသည့် ရှေ့ဆောင်ရုံပါဝင်ကာ စာရင်းအတိအကျကိုမူ ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။
အဆိုပါစနစ်အတွက် အား နည်းချက်၊ အားသာချက်များကို လာမည့်ဇွန်လဆန်း၌ ဆွေးနွေး မှုများဆက်လက် ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ပြောသည်။
ထို့ကြောင့် ယခုနှစ်အတွင်း တန်းစီထားသည့်ဇာတ်ကားများ ရုံတင်ပြီးပါက လာမည့်နှစ်ဆန်းတွင် စတင်မည့်ရုံတွဲစနစ်သည် ပရိသတ်များအတွက်အမှန်တကယ်ရွေးချယ်နိုင်သော ဇာတ်ကားများကြည့်ရှုနိုင်မည်လားဆို သည်ကိုမူ မည်သူမျှ အတိအကျ မခန့်မှန်းနိုင်ကြသေးပေ။
ဇွဲဉာဏ် - 7day daily


မှတ်ချက်များ