အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု
မျိုးစောင့်ဥပဒေကြမ်း လေးခုထဲက မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုး သားလွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
အဲဒီဥပဒေကြမ်းကို ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က ပါဝင်ဆွေးနွေးခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပညာ ရှင်တွေနဲ့ အပြီးသတ်ညှိနှိုင်းဆွေးနွေးထား တာဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးတင်ယုက ဆွေးနွေးတင်ပြခဲ့ပါတယ်။
"အမျိုးသားလွှတ်တော် ဥပဒေမူကြမ်းကော်မတီသည် မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ အမျိုးသားလွှတ်တော်နိုင်ငံရေး၊ စီပွားရေး၊ ဥပဒေရေးရာကော်မရှင်မှ ပညာရှင်များ အကြံပြုဆွေးနွေး ခဲ့ကြသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် အသေးစိတ်ညှိနှိုင်းဆွေးနွေး သဘောတူခဲ့ကြပါသည်၊ ထို့ကြောင့်အမျိုးသားလွှတ်တော်က ယင်းဥပဒေကြမ်းကို အတည်ပြု ဆောင်ရွက်နိုင်ပါရန် တင်ပြအပ်ပါသည်"
အဲဒီဥပဒေကြမ်းမှာ ဗုဒ္ဓဘာသာဝင် မိန်းမတစ်ဦးဟာ ဘာသာခြားဝင် ယောင်္ကျားတစ်ဦးနဲ့ ထိမ်းမြားလက်ထပ်တဲ့ အခါ သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံမှာ မှတ်ပုံတင်ရမှာဖြစ်ပြီး ကန့်ကွက်သူမရှိမှ အုပ်ချုပ်ရေးမှူး က ထိမ်းမြားပေးခွင့်ရှိတယ်လို့လည်း ပါရှိပါတယ်။
ဒါ့အပြင် ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အမျိုးသားတစ်ဦးအနေနဲ့ ဥပဒေကြမ်းပါ ပြဌာန်းချက်တစ်ခုခုကို ဖောက်ဖျက်ခဲ့ရင် အနည်းဆုံးထောင်ဒဏ် ၆ လကနေ ၃ နှစ်အထိ ချမှတ်နိုင်သလို အများဆုံးငွေဒဏ် ၅သိန်း ဒါမှမဟုတ် ဒဏ်နှစ်ရပ် လုံးဖြစ်စေ ကျခံရမယ်လို့ ပါရှိပါတယ်။
အဲဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကလည်း အတည်ပြုပြီးဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့ မှာဖြစ်ပါတယ်။
RFA Burmese

မှတ်ချက်များ