"မလေးရှားရောက်မြန်မာများ အသွားအလာဆင်ခြင်ရန် မြန်မာသံရုံးသတိပေး"

မေ ၂၁ ရက်က မြန်မာသံရုံးရှေ့တွင်ဆန္ဒပြနေသော မလေးရှားနိုင်ငံသားများ (ဓာတ်ပုံ- EPA)
လှေစီးဒုက္ခသည်များနှင့်ပတ်သက်၍ မလေးရှားနိုင်ငံ၏ လက်ရှိအခြေအနေများကြောင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ သတိထားသွားလာ နေထိုင်ကြရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့မေလ ၂၅ ရက်ညနေပိုင်း၌ သတိပေးချက်ထုတ်ပြန်လိုက်သည်။

ယခုကာအတွင်း ဖြစ်ပေါ်နေသော မလေးရှားနိုင်ငံ၏ အခြေအနေနှင့် နိုင်ငံတကာ၌ လှုံ့ဆော်ချဲ့ကား ပြောကြားချက်များကြောင့်မလိုလားအပ်သော ကိစ္စများမဖြစ်ပေါ်ရန်အတွက် နေထိုင် သွားလာမှုဆင်ခြင်ကြရန်နှင့် တစ်ဦးထဲမသွားလာဘဲ အုပ်စုဖွဲ့နေထိုင်သွားလာကြရန် တိုက်တွန်းထားသည်ဟု ဖော်ပြထားသည်။

‘‘ဟိုနေ့ကလဲ မလေးရှားအစ္စလာမ်မစ်ပါတီခေါင်းဆောင်က မြန်မာသံရုံးရှေ့ကို ဆန္ဒပြပြီး မြန်မာတွေထွက်သွားဖို့ ပြောဆိုခဲ့တယ်။ နောက်ပြီး လှေစီးဒုက္ခသည်တွေကိုလည်း မြန်မာနိုင်ငံက လက်ခံဖို့အတွက် ပြောဆိုဆန္ဒပြခဲ့တာ။ အခုရက်ပိုင်းမှာ အွန်လိုင်းတွေပေါ်မှာလည်း သွေးထိုးလှုံ့ဆော်နေတာတွေရှိနေတယ်။ အဲဒါကြောင့်မြန်မာသံရုံးက သတိပေးချက် ထုတ်ပြန်တာနေမှာ"ဟု မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦးဖြစ်သူ ကိုမြင့်သိန်းက ပြောသည်။

ကြေညာချက်ထုတ်ပြန်မှုနှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ 7Day Daily က ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရသေးပါ။

7day daily

မှတ်ချက်များ