လိင်ပြောင်းလဲ ပြီးနောက် ထင်ရှားတဲ့ မော်ဒယ် ဖြစ်လာသူများ
သူတို့ကို ရုတ်တရက် ကြည့်လိုက်ရင် အမျိုးသမီး တစ်ဦးလို့ပဲ ထင်နေကြမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အပြင်အဆင်တွေ ကလည်း သာမန် အမျိုးသမီး တစ်ဦးထက်တောင် ပိုခံ့ညားနေတာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ သူတို့ တစ်တွေကတော့ လိင်ပြောင်းလဲမှု ပြုလုပ် ထားကြသူတွေ ဖြစ်ပြီး အမျိုးသား ဘ၀ကနေ အမျိုးသမီး ဘ၀ကို ကူးပြောင်းထားသူတွေ ဖြစ်ကြပါတယ်။
လက်ရှိ ကမ္ဘာကြီးမှာ လိင်ပြောင်းလဲထားသူတွေ အများအပြား ရှိနေကြပြီး အချို့လိင်ပြောင်းလဲ ထားသူတွေဟာ ထင်ရှား ကျော်ကြားတဲ့ အမျိုးသမီး မော်ဒယ်တွေ အဖြစ် ရပ်တည်နေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် လိင်ပြောင်းလဲ ပြီးနောက် ထင်ရှားတဲ့ မော်ဒယ် ဖြစ်လာသူတွေ အကြောင်းကို ရေးသား ဖော်ပြ ပေးလိုက်ပါတယ်။
၁။ အန်ဒရီဂျာပီဂျစ်
သြစတြေးလျ နိုင်ငံသား အဖြစ် ခံယူထားတဲ့ အန်ဒရီဂျာပီဂျစ်ရဲ့ ဘ၀က စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ အစောပိုင်းမှာ အမျိုးသား၊ အမျိုးသမီး မော်ဒယ်အဖြစ် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ လိင်ပြောင်းလဲမူ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အန်ဒရီဂျာပီဂျစ်ကို ဘော့စနီးယားနိုင်ငံမှာ မွေးဖွားပြီး မွေးချင်းတွေထဲမှာ အစ်ကိုကြီး တစ်ဦး ဖြစ်ခဲ့ပါတယ်။
အန်ဒရီဂျာပီဂျစ်ကို မွေးဖွားစဉ်ခဲ့တာ ဘော့စနီးယားနိုင်ငံမှာ စစ်ဖြစ်ပွားနေခြင်းကြောင့် အမေ၊ အဘွား ဖြစ်သူတွေနဲ့ အတူ ဘဲလ်ဂရိတ်မှာရှိတဲ့ ဒုက္ခသည် စခန်းကို သွားရောက် ခိုလှုံခဲ့ပေမယ့် နေတိုး တပ်ဖွဲ့က ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် သြစတြေးလျ နိုင်ငံကို ပြောင်းရွှေ့သွားခဲ့ခြင်း ဖြစ်ပါတယ်။
မဲလ်ဘုန်းမြို့မှာ အထက်တန်း ပညာကို သင်ယူခဲ့ပြီး ထူးချွန်တဲ့ ကျောင်းသား ဖြစ်ခဲ့ပါတယ်။ အသက် (၁၇) နှစ် အရွယ်မှာ မော်ဒယ် ဘ၀ကို စတင်ခဲ့ပါတယ်။ မဲလ်ဘုန်း မြို့မှာရှိတဲ့ ရေကူးကန်မှာ အန်ဒရီဂျာ ပီဂျစ်ဟာ အလှကို မြင်တွေ့ခဲ့ ပြီးနောက် မော်ဒယ်အဖြစ် လုပ်ကိုင်ဖို့ ကမ်းလှမ်းခံရခြင်း ဖြစ်ပါတယ်။
၂၀၁၁၊ ဇန်န၀ါရီမှာ ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဖက်ရှင်ပြပွဲကို အမျိုးသား အဖြစ်နဲ့ရော၊ အမျိုးသမီး အဖြစ်နဲ့ပါ ၀တ်ဆင်ပြီး ဖက်ရှင်ရှိုး လျှောက်ခဲ့ရာက အောင်မြင်မှု ရခဲ့ပါတယ်။ ဒီနောက် နယူးယော့ခ်မြို့ အခြေစိုက် ဖက်ရှင် မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင် အဖြစ် ပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။
အန်ဒရီဂျာပီဂျစ်ဟာ အမျိုးသား ထိပ်တန်း (၅၀) ဦးစာရင်းမှာ ထည့်သွင်း ဖော်ပြခံရသလို ဆွဲဆောင်မူ အရှိဆုံး အမျိုးသမီး မော်ဒယ် အဖြစ်လည်း သတ်မှတ် ခံခဲ့ရပါတယ်။ ဒီနောက် တဖြည်းဖြည်း လူသိများလာပြီး ထင်ရှားတဲ့ မော်ဒယ် ဖြစ်လာခဲ့တာကြောင့် ၂၀၁၄ မှာ လိင်ပြောင်းလဲခဲ့ပြီး အမျိုးသမီး မော်ဒယ် အဖြစ်နဲ့သာ လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ထူးခြားတာက နာမည်ကြီး Voge မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင် အဖြစ် ဖော်ပြ ခံထားရတဲ့ ပထမဆုံး လိင်ပြောင်းလဲသူ အဖြစ် မှတ်တမ်း တင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အရပ် (၆ပေ၊ ၁ လက်မ) ၊ မျက်လုံးက အပြာရောင် ၊ ဆံပင်က ရွှေရောင် ပိုင်ဆိုင်ထားတဲ့ အန်ဒရီဂျာ ပီဂျစ်ဟာ အသက် (၂၃) နှစ်သာ ရှိသေးပြီး လိင်ပြောင်းလဲထားတဲ့ မော်ဒယ်တွေထဲမှာ အထင်ရှားဆုံး အဖြစ်သတ်မှတ် ခံထားရပါတယ်။
၂။ လီအာတီ
ဘရာဇီးလ် နိုင်ငံဖွား လီအာတီဟာ လိင်ပြောင်းလဲ ပြီးနောက် ထင်ရှားတဲ့ မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နာမည်အရင်းက လန်ဒရို မီဒီရိုစ်စီရီဇို ဖြစ်ပြီး မော်ဒယ် အဖြစ် လုပ်ကိုင်တဲ့အခါ လီအာတီလို့ ပြောင်းလဲခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၈၁ မှာ မွေးဖွားခဲ့တာကြောင့် လက်ရှိအချိန်မှာ အသက် (၃၄) နှစ်ရှိနေပြီ ဖြစ်တဲ့ လီအာတီဟာ လိင်ပြောင်းလဲထားသူတွေ အတွက် စံပြတစ်ဦး ဖြစ်ခဲ့ပါတယ်။
လီအာတီဟာ အီတလီမှာ နေထိုင်ပြီး ကျော်ကြားတဲ့ မော်ဒယ်အဖြစ် ရပ်တည်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ လီအာတီရဲ့ဖခင်ဟာ ဘရာဇီး ဘောလုံးသမားကြီး တိုနီဟိုစီရီဇို ဖြစ်ပါတယ်။ အမျိုးသား တစ်ဦးအဖြစ် မွေးဖွားခဲ့ပေမယ့် အမျိုးသမီး တစ်ဦး ဖြစ်ချင်တာကြောင့် ၂၀၁၁ မှာ လိင်ပြောင်းလဲ ခွဲစိတ် ကုသမှုကို စတင် ခံယူခဲ့ပါ တယ်။ ဒီနောက် ၂၀၁၂ မှာတော့ ထိုင်းနိုင်ငံကို လာရောက်ပြီး အလုံးစုံ လိင်ပြောင်းလဲမှုကို ပြုလုပ်ခဲ့ပါတယ်။
၂၀၁၃၊ ဇန်န၀ါရီမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ လိင်ပြောင်းလဲခြင်းကြောင့် အမြင်အမျိုးမျိုး ရှိနိုင်တယ်လို့ ပြောကြားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီလိုလုပ်ခဲ့ခြင်း အပေါ်ကျေနပ်မိကြောင်း ပြန်ပြောင်း ပြောဆိုခဲ့ပါတယ်။ လီအာတီက မိမိအနေဖြင့် လိင်နှစ်ခုစလုံးတွင် ဆွဲဆောင်နိုင်သူ ဖြစ်လာအောင် လုပ်နိုင်စွမ်း ရှိကြောင်း ပြောကြားခဲ့ပါတယ်။
လီအာတီဟာ အမေရိကန် အခြေစိုက် ဆံပင်နဲ့ ပတ်သက်တဲ့ အလှပြင် ပစ္စည်းတွေ ထုတ်လုပ်တဲ့ REDKEN အမှတ်တံဆိပ်ရဲ့ မော်ဒယ်အဖြစ် သတ်မှတ် ခံထားရပြီး မော်ဒယ်ရှိုးပွဲ မြောက်မြားစွာနဲ့ မဂ္ဂဇင်း မျက်နှာဖုံးရှင် အဖြစ် ကြိမ်ဖန်များစွာ ပါဝင်ခဲ့ဖူးပါတယ်။ ထင်ရှားတဲ့ အလှပြင်ပစ္စည်းရဲ့ မော်ဒယ်အဖြစ် သတ်မှတ် ခံရခြင်းဟာ လိင်ပြောင်းလဲထားတဲ့ မော်ဒယ်တွေ အတွက် ကြီးကျယ်တဲ့ အောင်မြင်မှု ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
၃။ အစ်အစ်ကင်း
လိင်ပြောင်းလဲထားတဲ့ နာမည်ကျော် အမေရိကန် မော်ဒယ်တစ်ဦး ဖြစ်ပါတယ်။ အာဖရိ အမေရိကန် ဖြစ်တာကြောင့် ချောမော လှပသူ အဖြစ် သတ်မှတ် ခံထားရပါတယ်။ အမျိုးသား တစ်ဦးအဖြစ် မွေးဖွားခဲ့ပေမယ့် ငယ်စဉ် ကတည်းက အမျိုးသမီးတစ်ဦး အဖြစ် ခံယုခဲ့ပါတယ်။ အစ်အစ်ကင်း အနေနဲ့ သူ့ရဲ့ကိုယ်ခန္ဓာဟာ မှားယွင်းနေကြောင်း မကြာခဏ ထုတ်ဖော် ပြောကြား ခဲ့ဖူးပါတယ်။
၁၉၈၅ မှာ မွေးဖွား ခဲ့တာကြောင့် အသက် (၃၀) နှစ် ရှိနေပြီ ဖြစ်ပါတယ်။ ငယ်စဉ် ကတည်းက မိန်းမလျာ စိတ်ပေါက်နေပေမယ့် ကျောင်းသား ဘ၀မှာတော့ ဂေးတစ်ဦး ဖြစ်ကြောင်း ပွင့်လင်းစွာ ထုတ်ပြောခဲ့ခြင်း မရှိပါဘူး။ ၂၀၀၇ မှာ အမေရိကန် ပြည်ထောင်စုက ဆယ်ကျော်သက် မိန်းမလျာတွေ အကြောင်း ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။ ဒီနောက် မိန်းမအဖြစ် ကူးပြောင်းနိုင်ဖို့ ဆေးကုသမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အမျိုးသမီးအဖြစ် ကူးပြောင်းနိုင်ဖို့ လိင်ပြောင်းလဲမှု ပြုလုပ်ခဲ့ပါတယ်။
ဒီလိုပြုလုပ် ပြီးတဲ့နောက်မှာ အမေရိကန် ရုပ်ရှင် ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ ဂေးတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး အမြဲတမ်း တိုက်ပွဲ ၀င်နေတဲ့ နိုင်ငံဖြစ်ပြီး အစ်အစ်ကင်းဟာ ဂေးတွေ အတွက် စံပြ သူရဲကောင်း ဖြစ်လာခဲ့ပါတယ်။
အစ်အစ်ကင်းဟာ မော်ဒယ် လောကမှာ အောင်မြင်မှုတွေ ရယူနိုင်ခြင်းဟာ လိင်ပြောင်းလဲ ထားခြင်းကြောင့် ခွဲခြားဆက်ဆံ နေရသူတွေ အတွက် အားတက်စရာ ဖြစ်ခဲ့ပါတယ်။ အစ်အစ်ကင်းဟာ ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင် ပြီးနောက် မဂ္ဂဇင်း မျက်နှာဖုံးတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။
နာမည်ကြီး အမှတ်တံဆိပ် American Apparel မှာ လိင်ပြောင်းလဲထားသူ အနေနဲ့ ပထမဆုံး ပါဝင်ခွင့်ရသူ ဖြစ်လာခဲ့ပါတယ်။ အစ်အစ်ကင်းက အနေနဲ့ မိမိဟာ လိင်ပြောင်းလဲ ထားတာကြောင့် အမျိုးသမီး တစ်ဦးအဖြစ် သိရှိ ထားပေမယ့် ယင်းသို့ မပြုလုပ်မီ ကတည်းက အမျိုးသမီး တစ်ဦးအဖြစ် စိတ်ထဲတွင်ရှိနေပြီးသား ဖြစ်ကြောင်း တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှာ ဖြေကြားခဲ့ပါတယ်။
၎။ ဂျီနာရိုစီရို
ဖီလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး ငယ်စဉ်ကတည်းက အမျိုးသမီး တစ်ဦးလို ဖြစ်အောင် ရင်သားကြီးစေမယ့် ဟိုမုန်း ဆေးထိုးနှံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အလှမယ် ပြိုင်ပွဲတွေ ၀င်ရောက် ယှဉ်ပြိုင်ရင်း မော်ဒယ် လောကထဲ ရောက်လာသူ ဖြစ်ပါတယ်။
အလုပ်သမား မိသားစုက မွေးဖွားခဲ့သူ ဖြစ်တာကြောင့် ဆင်းရဲ ခဲ့ပါတယ်။ အသက် (၁၅) နှစ် အရွယ်မှာ အလှမယ်ပြိုင်ပွဲ ၀င်ရောက်ခဲ့ ပြီးနောက် အသက် (၁၇) နှစ် အရွယ်မှာ မိသားစုနဲ့ အတူ အမေရိကန်ကို ပြောင်းရွှေ့ နေထိုင်ခွင့် ရခဲ့ပါတယ်။ ထူးခြားတာက အမေရိကန်ကို ရွှေ့ပြောင်းတဲ့ အခါ သူ့ကိုယ်သူ အမျိုးသမီး တစ်ဦးအဖြစ် ခံယူခဲ့ပြီး ကျား/မ ခွဲခြားတဲ့ ဖောင်မှာမလို့ ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။
အသက် (၂၁) နှစ် အရွယ်မှာ လိင် ပြောင်းလဲခဲ့ပြီး မော်ဒယ် အဖြစ် စတင် လုပ်ကိုင်ခဲ့ပါတယ်။ နယူးယော့ခ် အခြေစိုက် စားသောက်ဆိုင် တစ်ဆိုင် အတွက် ကြော်ငြာ မော်ဒယ် အဖြစ် စတင် လုပ်ကိုင်ခဲ့ပြီး နာမည်ကြီး မော်ဒယ် တစ်ခုနဲ့ စာချုပ်ချုပ်ဆိုမှု ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၄ မှာ အခြား လိင်ပြောင်းထားတဲ့ မော်ဒယ်တွေနဲ့ တွဲဖက်ပြီး မဂ္ဂဇင်း မျက်နှာဖုံးမှာ ပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။
မော်ဒယ် အဖြစ် အသက် မွေးခဲ့တဲ့ (၁၂) နှစ်တာ ကာလ အတွင်းမှာ အလုပ်မျိုးစုံ လုပ်ခဲ့ပြီး ဂေးအခွင့် အရေးတွေ ကိုလည်း တက်ကြွစွာ ဆောင်ရွက်ခဲ့ပါတယ်။ ဂျီနာရိုစီရိုက မိမိအနေ ဖြင့် ငယ်စဉ်ကတည်းက အဖြစ်ချင်ဆုံး မော်ဒယ် တစ်ဦးဖြစ်ခွင့် ရခြင်းကြောင့် ကျေနပ်မိကြောင်း၊ မိမိ၏ အတွင်းစိတ်နှင့် အပြင်စိတ်သည် ကွဲပြား ခြားနားခြင်း မရှိကြောင်း ပြောပါတယ်။
Messenger News Journal




မှတ်ချက်များ