ကျိုင်းတုံ၌ နှစ်လောင်းပြိုင်လူသတ်မှုဖြစ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အမှတ်(၂)ရပ်ကွက်၊ ပါလျှံလမ်း အိမ်အမှတ်(၁၉၄)တွင်နေထိုင် သည့် အိမ်ရှင်ဦးစိုင်းရှဲန်နွဲ့(၈၀)နှစ် နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်နန်းကျောက်(၆၅)နှစ် တို့ သေဆုံး လျက်ရှိကြောင်း ယနေ့နံနက်(၁၀)နာရီ(၄၅)မိနစ်တွင် ကျိုင်းတုံမြို့မ ရဲစခန်းသို့ အကြောင်းကြား၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်သိန်းဦးစီး၍ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
ဖြစ်စဉ်မှာ ကျိုင်းတုံမြို့၊အမှတ်(၂)ရပ်ကွက်၊ ပါလျှံလမ်း၊ အိမ်အမှတ်(၆၇)တွင်နေထိုင်သူ မနန်းရှဲန်ဝမ်း
(၃၀)နှစ်အား တာချီလိတ်မြို့တွင်နေထိုင်သော သူငယ်ချင်းဖြစ်သူ မနန်းဝိုးတစ်(၃၀)နှစ် မှ အခင်းဖြစ်ရပ်
နေအိမ်တွင်နေထိုင်သော မိဘများထံ ဖုန်းဆက်သွယ်မရသဖြင့် သွားရောက်ကြည့်ရှုပေးရန် ဆက်သွယ် ပြောကြား၍ သွားရောက်ခဲ့ရာနေအိမ်တံခါး စေ့ထားပြီး ခေါ်ဆိုမရသဖြင့် အိမ်အောက်ထပ်သို့ လှေကားသုံးထစ်ခန့် ဆင်းကြည့်စဉ်အခန်းတွင်း၌ ၎င်းသူငယ်ချင်း၏ မိဘ(၂)ဦးသွေးများ ယိုစီးလျက် သေဆုံးနေသည်ကို တွေ့ရ၍ အော်ဟစ်အကူအညီ တောင်းခံပြီး ရဲစခန်းသို့ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူနှစ်ဦးကို စစ်ဆေးကြည့်ရှုရာ ဦးစိုင်းရှဲန်နွဲ့သည် မှောက်လျက်အနေအထားဖြင့် ဦးခေါင်း နောက်စေ့ယာနားရွက်အနီး၌ နှစ်လက်မခန့်ပေါက်ပြဲ သွေးထွက်ဒဏ်ရာ(၁)ချက်၊ဒေါ်နန်းကျောက်မှာ ပက်လက်အနေအထားဖြင့် နဖူးတည့်တည့်၌ နှစ်လက်မခန့်ပေါက်ပြဲဒဏ်ရာ(၁)ချက်တို့တွေ့ရှိရပြီး အခန်းတွင်းမှ သွေးစွန်းနေသော အရှည်သုံးပေခွဲခန့်အထူ(၃×၂)ပေရှိသောသစ်သားချောင်း(၁)ချောင်းနှင့် သွေးစွန်းပေးလျက်ရှိသော အ၀တ်လျှော်တုတ်(အကျိုး)တစ်ခုတို့ တွေ့ရှိရပြီးပြစ်မှုကျူး လွန်သူအားကျိုင်းတုံမြို့မရဲစခန်းမှ အမြန်ဆုံး ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင်နိုင်(ကျိုင်းတုံ) - Myanmaalinn

.jpg)
မှတ်ချက်များ