မြန်မာကိုပေးတဲ့ အကူညီ ၄၀% ကို သြစီလျှော့ချ

သြစတြေးလျ ဝန်ကြီးချုပ် တိုနီအာဘော့တ် (Credit: AAP)
သြစတြေးလျ ​အစိုးရက ​မနေ့ညတုန်းကပဲ ​ဒီနှစ်အတွက် ​ဘတ်ဂျက်ကို ​ကြေညာလိုက်ပြီး ​မြန်မာနိုင်ငံကို ​ပေးနေတဲ့ ​ထောက်ပံ့ကူညီငွေကို ​၄၀ ​% ​တောင် ​လျှော့ချလိုက်ပါတယ်။

မြန်မာနိုင်ငံကို ​သြစတြေးလျက ​တစ်နှစ်ကို ​သန်း ​၁၀၀ ​ဝန်းကျင် ​ကူညီရာကနေ ​၄၀% ​လောက်ကို ​လျှော့ချမှာ ​ဖြစ်ပါတယ်။

သြစတြေးလျက ​မြန်မာနိုင်ငံရဲ့ ​ပညာရေးနဲ့ ​ကျန်းမာရေးမှာ ​အဓိက ​အထောက်အပံ့ပေးနေတာ ​ဖြစ်ပါတယ်။

အကူအညီတွေ ​လျှော့ချမှု ​အခံရဆုံး ​ဒေသကတော့ ​အာဖရိက ​ဒေသဖြစ်ပြီး ​ပေးနေကျ ​အကူအညီ ​၇၀% ​ကို ​လျှော့ချမှာ ​ဖြစ်ပါတယ်။ ​အရင်တုန်းက ​အာဖရိက ​ဒေသအတွက် ​ဒေါ်လာ ​သန်းပေါင်း ​၁၈၇ ​သန်း ​နီးပါးပေးရာကနေ ​၉၄ ​သန်း ​နီးပါးအထိ ​လျှော့ချမှာ ​ဖြစ်ပါတယ်။

အင်ဒိုနီးရှားနဲ့ ​အာဖဂန်နစ္စတန်ကို ​ပေးကမ်းနေတဲ့ ​အကူအညီကိုလည်း ​တစ်ဝက်နီးပါး ​လျှော့ချမှာပါ။

နောက်လာမယ့် ​သုံးနှစ်ကျရင်လည်း ​နိုင်ငံတကာကို ​ပေးနေတဲ့ ​ကူညီထောက်ပံ့ငွေတွေကို ​၃.၇ ​ဘီလီယံ ​ထပ်မံ ​လျှော့ချမယ်လို့ ​ဆိုပါတယ်။

မြန်မာလို ​ဒီမိုကနေစီ ​လမ်းကြောင်းပေါ် ​တက်လာစ ​ပြုနေတဲ့ ​ဒေသတွင်းက ​နိုင်ငံနဲ့ ​တိုင်းရင်းသား ​ပြဿနာ ​ကြုံနေရသေးတဲ့ ​နိုင်ငံကို ​ပေးနေတဲ့ ​အကူအညီတွေကို ​လျှော့ချတဲ့အပေါ်မှာ ​ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ​ဝေဖန်လိုက်ပါတယ်။

ဒါ့အပြင် ​ဆင်းရဲသူတွေ ​များပြားတဲ့ ​အာဖရိက ​ဒေသကိုလည်း ​အကူအညီတွေ ​လျှော့ချတဲ့အတွက် ​အကြီးအကျယ် ​ဝေဖန်နေကြပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ​နိုင်ငံတွေရဲ့ ​စာရင်းဝင် ​ဖြစ်တဲ့ ​သြစတြေးလျနိုင်ငံအနေနဲ့ ​ဆင်းရဲတဲ့ ​နိုင်ငံကို ​ပေးနေတဲ့ ​အကူအညီတွေ ​လျှော့ချလိုက်တာဟာ ​ရှက်စရာ ​ဖြစ်နေတယ်လို့ ​Oxfam ​အဖွဲ့က ​ပြောလိုက်ပါတယ်။

အဲဒီလို ​လျှော့ချမှုတွေက ​လူပေါင်း ​သန်းနဲ့ချီရဲ့ ​ပညာရေး၊ ​ကျန်းမာရေးကို ​ထိခိုက်စေမှာ ​ဖြစ်တယ်လို့ ​ပြောလိုက်ပါတယ်။

သြစတြေးလျရဲ့ ​ဒုက္ခသည်တွေကို ​လက်ခံပေးတဲ့ ​ကမ္ဘောဒီးယား၊ ​Nauru ​နဲ့ ​ပါပူဝါနယူးဂနီနိုင်ငံတွေကိုတော့ ​ကူညီထောက်ပံ့ငွေ ​လျှော့ချတာမျိုး ​မလုပ်ခဲ့ပါဘူး။

ပြည်တွင်းက ​လူမှု ​ထောက်ပံ့ကြေးတွေမှာလည်း ​တင်းကြပ်လိုက်မှာ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​လယ်သမားတွေကိုတော့ ​ကူညီထောက်ပံ့မှုတွေ ​ပိုပေးမှာ ​ဖြစ်ပါတယ်။

မိုးခေါင်ရေရှားမှုကြောင့် ​ဒုက္ခရောက်နေတဲ့ ​လယ်သမားတွေကို ​အကူအညီပေးမှာ ​ဖြစ်သလို၊ ​လယ်သမားတွေအတွက် ​ရေတွေ ​ရရှိအောင် ​လုပ်ဆောင်ပေးတဲ့ ​ကုမ္ပဏီတွေကိုလည်း ​အခွန်ကင်းလွတ်ခွင့် ​ပေးမှာ ​ဖြစ်ပါတယ်။ ​ဒါ့အပြင် ​လယ်သမားတွေအတွက် ​အခုထက် ​သက်သာတဲ့ ​အတိုးနှုန်းနဲ့ ​ငွေချေးမှာ ​ဖြစ်သလို၊ ​စိုက်ပျိုး ​မွေးမြူရေး ​ခြံတွေမှာ ​ရောဂါပိုးတွေ ​မကျရောက်အောင် ​ကြိုတင်ကာကွယ်မှုတွေကိုလည်း ​လုပ်ပေးမယ်လို့ ​သိရပါတယ်။

political reporter Johanna Nicholson - ABC Radio Australia

မှတ်ချက်များ