မဖွယ်မရာပုံတွေ အင်တာနက်ပေါ် ဖြန့်ချိမှုနဲ့ ခရစ်ယာန် ဘာသာဝင်တွေကို စိတ်အနှောင့်အယှက် ပေးမှုအတွက် ဆယ်ကျော်သက်တဦးကို အပြစ်ရှိကြောင်း စင်ကာပူတရားရုံးက မေ ၁၂ ရက်က စီရင်ချက်ချလိုက်ပါတယ်။
လောလောဆယ် တရားရုံးက ခြေချုပ်နဲ့ လွှတ်ပေးထားပြီး နောက်နေ့မှာ ပြစ်ဒဏ်စီရင်ဖို့ ရှိပါတယ်။
အသက် ၁၆ နှစ် အားမို့စ်ရီဟာ ခေတ်သစ်စင်ကာပူကို တည်ထောင်သူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု ကွယ်လွန်တဲ့အချိန်မှာ လီကွမ်ယု အပါအ၀င် ခရစ်ယာန် ဘာသာဝင်တွေနဲ့ပတ်သက်တဲ့ သူ့ရဲ့ သဘောထား မှတ်ချက်ကို လူမှု ကွန်ရက် မီဒီယာပေါ် ဖြန့်ချိခဲ့လို့ အဖမ်းခံခဲ့ရပါတယ်။
မေ ၇ ရက်က ဘာသာရေးအုပ်စုကို စိတ်အနှောင့်အယှက် ပေးမှုနဲ့ မဖွယ်မရာ ဓာတ်ပုံတွေ ဖြန့်ချိမှုအတွက် ကြားနာစစ်ဆေးရာမှာ အားမို့စ်ရီက အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။
ဘာသာရေးအုပ်စုကို ထိခိုက်စေမှုဟာ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။ ဒါပေမယ့် ဒီအမှုမှာ သူအသက်အရွယ်အတွက် ဒဏ်ငွေရော၊ ထောင်ဒဏ်ပါ မသင့်တော်ဘူးလို့ ရှေ့နေက ပြောပါတယ်။
သူ့အတွက် အာမခံငွေကို စင်ကာပူဒေါ်လာ ၃၀၀၀၀ အဖြစ် ဧပြီ ၃၀ ရက်နေ့က သတ်မှတ်ခဲ့ပါတယ်။
ဒီအမှုကြောင့် စင်ကာပူနိုင်ငံရဲ့ စာပေစိစစ်ရေးနဲ့ လူမှုရေး ထိန်းချုပ်မှု အပေါ် စိုးရိမ်မှုတွေ ပြန်ဖြစ်လာခဲ့ပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပါတယ်။
အရင်လက အားမို့စ်ရီဟာ တရားရုံးမှာ ကနဦး ကြားနာပွဲအတွက် လာနေတုန်း တရားရုံးအပြင်မှာ ပါးရိုက်ခံခဲ့ရပါသေးတယ်။
သူ့ကို ရိုက်တဲ့ အသက် ၄၉ နှစ် အမျိုးသားကို မေ ၁၁ ရက်က ထောင်ဒဏ် ၃ ပတ် ပြစ်ဒဏ် စီရင်ခဲ့ပါတယ်။
DVB
.jpg)
မှတ်ချက်များ