ငွေစက္ကူများ အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန် လုံခြုံမှု အဆင့်အတန်းနှင် အရည်အသွေးမြှင့်တင် ထားသည့် ကျပ် ၁သောင်းတန် အသစ်ကို လာမည့် ဇူလိုင် ၁ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ် မည်ဟု အစိုးရသတင်းတွင်ဖော်ပြထားသည်။
အသစ်ထုတ်မည့် ကျပ် ၁သောင်း တန်သည် မြစိမ်းရောင် ဂဏန်း ပုံစံအသစ်၊ ရေစာအသစ်နှင့် ငွေစက္ကူ၏ မျက်နှာပြင် နှစ်ဖက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ် ထားပြီး၊ မူလထုတ်ဝေထားသည့် ကျပ် ၁သောင်းတန်နှင့် ကွာခြားမှု မှာ ငွေစက္ကူ မျက်နှာစာ ညာဘက် အောက် ထောင့်တွင် ရိုက်နှိပ်ထားသည့် ရိုးရိုးဂဏန်း “၁၀၀၀၀” အစား တောက်ပသည့် မြစိမ်းရောင် ”၁၀၀၀၀” ဂဏန်း ကို ပြောင်းလဲထည့်သွင်းထားပြီး ယင်းဂဏန်း၏ တောက်ပမှု အလင်းရောင် သည် အထက်အောက် ရွေ့လျား နေသည့်အပြင် မြစိမ်းရောင်မှ အပြာရင့်ရောင် သို့ ပြောင်းလဲနိုင်ကြောင်း၊ ငွေစက္ကူ မျက်နှာစာ၏ လက်ဝဲဘက် အပိုင်းတွင် ပုံစံသစ်ဖြင့် ပြုလုပ်ထား သည့် ကြာဖြူပွင့်ပုံ ရေစာပါရှိပြီး အလင်းရောင်တွင် ကြည့်ပါက ရေစာကို တွေ့နိုင်ကြောင်း၊ ၎င်းအပြင် ငွေစက္ကူ၏ ရှေ့မျက်နှာစာ ဘယ်/ ညာ အစွန်းများတွင် ဖောင်းကြွ လိုင်းတိုများကို ထည့်သွင်းထားကြောင်း၊ လုံခြုံရေးကြိုး၏ အရောင်သည် ငွေစက္ကူကို ကြည့်သည့် အနေအထားပေါ် မူတည်၍ ပန်းခရမ်းရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲနိုင်ကြောင်း စသည့်အချက်များပါရှိသည်။
ဧရာဝတီ

မှတ်ချက်များ