စက်ဘီးစီးသူ လက်ပြတာကိုပါ ဂူဂဲ မောင်းသူမဲ့ ကား နားလည်


ဂူဂဲ၏ မောင်းသူမဲ့ ကားသည် စက်ဘီးစီးသူများ ဗယ်ကွေ့မည်၊ ညာကွေ့မည်၊ ရပ်မည် စသဖြင့် လက်သင်္ကေတနှင့် ပြသသည်များကိုပါ နားလည်ကာ လိုအပ်သလို တုံ့ပြန် ဆောင်ရွက်နိုင်စွမ်း ရှိနေပြီ ဖြစ်ကြောင်း ဂူဂဲက ထုတ်ပြန် ပြောကြားသည်။

ကား၏ အာရုံခံ စနစ်များသည် လမ်းပေါ်မှ ယာဉ်များ၊ လူများနှင့် အခြား အရာဝတ္ထုများကြားတွင် ရောနေသော စက်ဘီး စီးသူများကိုပါ ခွဲခြား ထောက်လှမ်းကာ ယင်းတို့၏ အပြုအမူများကိုပါ အဓိပ္ပာယ် ဖော်နိုင်စွမ်းရှိကြောင်း ဂူဂဲက ဆိုသည်။

စက်ဘီးစီးသူ၏ လက်ပြမှုပေါ် မူတည်ပြီး ဂူဂဲ မောင်းသူမဲ့ ကားသည် အရှိန်လျှော့ခြင်း၊ ကွေ့ရှောင်ခြင်း စသဖြင့် လိုအပ်သလို တုံ့ပြန်နိုင်ကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်လောက်ကတည်းက ထိုသို့ တုံ့ပြန်နိုင်စွမ်း ရှိနေပြီ ဖြစ်သော်လည်း ယခုမှ မူပိုင်ခွင့် ရရှိသဖြင့် ထုတ်ပြန် အသိပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဂူဂဲ မောင်းသူမဲ့ ကားတွင် ပါဝင်သော ကင်မရာများက ပေးပို့ သော သတင်း အချက်အလက်များကို ကားတွင်ပါသော ကွန်ပျူတာ စနစ်က တွက်ချက်ကာ လက်၊ ပခုံး၊ ခေါင်းနှင့် ခန္ဓာကိုယ် တစ်ခုလုံး လှုပ်ရှားပုံများကို သုံးသပ်ပြီး ထိုသူသည် စက်ဘီး စီးနေသလား၊ စက်ဘီးပေါ်တွင် ရပ်နေသလား၊ မည်သည့် ဘက်ကို လက်ပြသနည်း စသဖြင့် အတိအကျ အဖြေထုတ်ပြီး မည်သို့ ပြုမူရမည်ကို ကားအား ညွှန်ကြားမည် ဖြစ်သည်။

၂၀၂၀ က စတင်ပြီး မောင်းသူမဲ့ကားများ စတင် အသုံးပြုနိုင်အောင် ဂူဂဲသည် မော်တော်ယာဉ် ထုတ်လုပ်သူများနှင့် ဆွေးနွေးနေကြောင်းလည်း ၀ါရှင်တန်ပို့စ် သတင်းစာက ဖော်ပြသည်။

The Messenger News Journal

မှတ်ချက်များ