မောင်းသူမဲ့ ကုန်တင်ကား လာပြီ
ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ ကုန်တင်ကားကို အမေရိကန် နိုင်ငံတွင် ပထမဆုံး အဖြစ် တရားဝင် လိုင်စင် ထုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ လာမည့် နှစ်ပိုင်းများ အတွင်း မောင်းသူမဲ့ ကုန်တင်ကားများ နည်းပညာ တိုးတက်လာသည်နှင့် အမျှ ကုန်တင်ကား ဒရိုင်ဘာများပါ မလိုအပ်တော့သည် အထိ ဖြစ်လာနိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိသည်။
အမေရိကန် နီဗားဒါး ပြည်နယ်တွင် မောင်းသူမဲ့ ထရပ်ကားကို ခွင့်ပြု လိုင်စင်နံပါတ်ပြား ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။ Inspiration Truck ဟု အမည်ပေးထားသည်။ နီဗားဒါးပြည်နယ် ဟူးဗား ဆည်ကြီးပေါ်တွင် လက်တွေ့ စမ်းသပ် မောင်းနှင်ခဲ့သည်။
မောင်းသူမဲ့ ကုန်တင်ကားကြီးသည် ကင်မရာများ၊ ရေဒါများ သုံးကာ ရှေ့နောက် ၀ဲယာတွင် သွား နေသော ကားများ၏ လှုပ်ရှားမှုများကို ထောက်လှမ်းပြီး အန္တရာယ်ကင်း စွာ မောင်းနှင်နိုင်စွမ်း ရှိကြောင်း သိရသည်။ လမ်းဆိုင်းဘုတ်များကိုလည်း ကင်မရာများက ထောက်လှမ်းကာ အဓိပ္ပာယ် ဖော်နိုင်ပြီး လိုအပ်သလို ကားကို ထိန်းချုပ် မောင်းနှင်နိုင်ကြောင်း သိရသည်။
ကားတန်းကြီး အတွင်း တန်းစီ လိုက်ပါ မောင်းနှင် နေချိန်တွင်လည်း ကားပေါ်တွင် ပါသော ကွန်ပျူတာ စနစ်က ရှေ့နောက် ကားများနှင့် လိုက်ဖက်အောင် မောင်းနှင်နိုင်စွမ်း ရှိအောင် ထိန်းချုပ် ပေးနိုင်သည်။ နည်းပညာ တိုးတက် ကောင်းမွန်လာသည်နှင့် အမျှ ဒရိုင်ဘာက လိုက်ပါ မောင်းနှင်စရာ မလိုတော့သည့် အနေအထားထိ ရောက်ရှိလာမည် ဖြစ်သည်။
လက်ရှိ ဥပဒေအရကား ကားသည် မောင်းသူမဲ့ စနစ်ဖြင့် ကောင်းမွန်စွာ မောင်းနှင် နိုင်သည့်တိုင် ကျွမ်းကျင် ယာဉ်မောင်းသည် ယာဉ်မောင်းထိုင်ခုံတွင် အချိန်ပြည့်လိုက်ပါ စောင့်ကြပ် ပေးရမည်ဟု သတ်မှတ်ထားသည်။
ထရပ်ကားသည် အဝေးပြေး လမ်းမများပေါ်တွင် ယာဉ်မောင်း ထိန်းချုပ်စရာ လုံးဝ မလိုသည် အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။
The Messenger News Journal

မှတ်ချက်များ