ကျူဘားနဲ့ ဖလော်ရီဒါ ကူးတို့သင်္ဘောလိုင်း ပြေးဆွဲဖို့ အမေရိကန် ခွင့်ပြု


နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် အမေရိကန်နဲ့ ကျူဘား နှစ်နိုင်ငံ ကူးတို့သင်္ဘောလိုင်းကို ပြန်ဖွင့်ဖို့ အမေရိကန် အစိုးရဘက်က ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်နဲ့ ကျူဘား နိုင်ငံ ဟာဗာနားမြို့တော်ကို လူစီးသင်္ဘော ပြေးဆွဲဖို့ ဖလော်ရီဒါပြည်နယ်က ကုမ္ပဏီတွေကို လိုင်စင်တွေ ထုတ်ပေးထားပြီးဖြစ်ကြောင်း၊ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ လုပ်ငန်းတွေ စတင်တော့မှာ ဖြစ်ကြောင်း ကုမ္ပဏီတွေ ဘက်က ပြောပါတယ်။

ဒါဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး နှစ်ဘက်အစိုးရတွေ မပြေမလည် ဖြစ်ခဲ့ပြီးတဲ့နောက် ပြန်လည် ကောင်းမွန်လာတဲ့ နောက်ဆုံး တိုးတက်မှု ဖြစ်စဉ်လည်း ဖြစ်ပါတယ်။

အမေရိကန်အစိုးရက ၁၉၆၀ ခုနှစ်မှာ ကျူဘားအပေါ် ကုန်သွယ်မှု ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံအကြား ကူးတို့သင်္ဘောလိုင်း ကူးလူးဆက်ဆံမှု ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ အမေရိကန်က ကျူဘားနဲ့ သံတမန် ဆက်ဆံရေးတွေ ပြန်လည်ဖော်ဆောင်ခဲ့ပြီး ပိတ်ပင်တားဆီးမှုတွေကို ပြန်လည်ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန် နိုင်ငံသားတွေကို ကျူဘားကို အခုထက်ထိ တရားဝင် ခရီးသွားလာခွင့်တွေ ပေးမထားသေးပါဘူး။ မိသားစု ဆွေမျိုးသားချင်းတွေဆီ အလည်ပြန်တာ၊ ပညာရေးနဲ့ ဘာသာရေးကိစ္စတွေအတွက် သွားတာ စတဲ့ ကိစ္စတွေအတွက်ပဲ ခွင့်ပြုချက်တွေ ထုတ်ပေးနေတာ ဖြစ်ပါတယ်။

BBC Burmese

မှတ်ချက်များ