မဲဆန္ဒရှင်စာရင်းတွင် ပါမပါကြည့်နိုင်မည့် ၀က်ဘ်ဆိုဒ်သစ်စတင်
၂ဝ၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် ပါဝင်သည် မပါဝင်သည်ကို အင်တာနက်မှတစ်ဆင့် ရှာဖွေကြည့်ရှုနိုင်မည့် ဝက်ဘ်ဆိုက်သစ်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေ ၂၆ ရက် တွင် စတင်လွှင့်တင်ထားကြောင်း သိရသည်။
ဝက်ဘ်ဆိုက်လိပ်စာမှာ့ https://checkvoterlist.uecmyanmar.org/ ဖြစ်သည်။ အဆိုပါဝက်ဘ်ဆိုက်၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်လျက်ရှိရာတွင် အခြေခံမဲဆန္ဒရှင်စာရင်းအား ကွန်ပျူတာစနစ်ဖြင့် ပြုစုခြင်းလုပ်ငန်းစဉ်ကို တစ်နိုင်ငံလုံး ဆောင်ရွက်နေကြောင်းနှင့် မဲဆန္ဒရှင်များအနေဖြင့် မိမိတို့ ရပ်ကွက်နှင့် ကျေးရွာအုပ်စု မဲဆန္ဒရှင်စာရင်းများတွင် မိမိအမည် ပါ မပါနှင့် အချက်အလက်များ မှန်မမှန်ကို ဤဝက်ဘ်ဆိုက်တွင် ဝင်ရောက်စစ်ဆေးနိုင် ကြောင်း ဖော်ပြထားသည်။
ဝက်ဘ်ဆိုက်ကို အသုံးပြု၍ မဲဆန္ဒရှင်စာရင်းတွင် ပါမပါ စစ်ဆေးပါက ပထမအဆင့်အနေဖြင့် မိမိနေထိုင်ရာ မြို့နယ်ကို စစ်ဆေးရမည်ဖြစ်သည်။ အွန်လိုင်းစနစ်တွင် မိမိတို့မြို့နယ်မပါသေးပါက အသုံးပြုနိုင်ဦးမည်မဟုတ် ကြောင်းနှင့် မိမိတို့မြို့နယ်ပါဝင်လာမည့်အချိန်ကို သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းရမည်ဖြစ်ကာ ပါဝင်ပြီးမှသာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ မိမိတို့မြို့နယ်သည် အသုံးပြုနိုင်သည့်မြို့နယ်ဖြစ်ပါက အမည်၊ မှတ်ပုံတင်အမှတ်နှင့် မွေးသက္ကရာဇ် များကို ထပ်မံဖြည့်စွက်၍ ရှာဖွေရမည်ဖြစ်သည်။
မေ ၂၆ ရက်က စတင်အွန်လိုင်းဖြစ်သည့်အဆိုပါဝက်ဘ်ဆိုက်တွင် မေ ၂၇ ရက်၌ သန်လျင်၊ သင်္ဃန်းကျွန်း၊ အင်းစိန်၊ ထန်းတပင်၊ လှိုင်သာယာစသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မြို့နယ်အနည်းငယ်အတွက်သာ ရှာဖွေနိုင်သေး သည်ကို တွေ့ရသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည့်စုံ မှန်ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ သို့ရာတွင် ကွန်ပျူတာစာရင်းသွင်း၍ မပြီးသေးသော မြို့နယ်များ၏ မဲဆန္ဒရှင်စာရင်းများ ကို ဤအွန်လိုင်းစနစ်မှ ရှာဖွေ၍မရနိုင်သေးကြောင်းကိုလည်း ဝက်ဘ်ဆိုက်တွင် ဆက်လက်ဖော်ပြထားသည်။
သူရဖြိုး - Myanmaalinn

မှတ်ချက်များ