မော်တော်ဆိုင်ကယ် ဂိုဏ်းများကြား ပဋိပက္ခများ မေ့ဖျောက်ကြရန် တက္ကဆက်စ် ရဲတပ်ဖွဲ့ တိုက်တွန်း

အခင်းဖြစ်ပွားခဲ့သည့်နေရာ
မော်တော်ဆိုင်ကယ်ဂိုဏ်းများကြား ပဋိပက္ခများကို မေ့ဖျောက် ပယ်ဖျက်ရန် တက္ကဆက်စ်ပြည်နယ် ရဲတပ်ဖွဲ့က တိုက်တွန်း ပြောကြားလိုက်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က တက္ကဆက်စ်ရှိ ဝါကိုမြို့တွင် မော်တော်ဆိုင်ကယ် ဂိုဏ်းအချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားရာ လူ ၉ ဦး သေဆုံးခဲ့သည်။ အဆိုပါ ဖြစ်ရပ်အပြီးတွင် လူ ၈ ဦးမှာ ဆေးရုံ၌ ကုသမှု ခံယူနေရဆဲဖြစ်ပြီး ၁၇၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားသည်။

“သွေးထွက်သံယို ကိစ္စတွေ၊ ဝမ်းနည်းစရာ ဖြစ်စဉ်တွေ ဒီလောက်နဲ့ တော်သင့်ပါပြီ”ဟု ရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး ပက်ထရစ် ဆွမ်တန်က ပြောကြားခဲ့သည်။ ကားပါကင်ထဲတွင် မော်တော်ဆိုင်ကယ် ဂိုဏ်းတစ်ခုမှ အဖွဲ့သား တစ်ဦး၏ ခြေထောက်ပေါ်တွင် အခြားဂိုဏ်းတစ်ခုမှ အဖွဲ့ဝင်တစ်ဦး၏ ဆိုင်ကယ်ဖြင့် ဖြတ်မောင်းသွားရာမှ အစပြုပြီး ပြဿနာ ကြီးထွားသွားခြင်းဟု ဆွမ်တန်က ဆိုသည်။

ရဲများသည် လက်ရှိ ထိန်းသိမ်းထားသည့် မော်တော်ဆိုင်ကယ် ဂိုဏ်းသားများကို ဂိုဏ်းမတူသူချင်း ရောနှောမှု မရှိအောင် သတိထားပြီး ချုပ်နှောင်ထားရသည်။ မေလ ၁၈ ရက်တွင် ရဲတပ်ဖွဲ့သည် မော်တော်ကားဆွဲသည့် ကရိန်းကားများကို အသုံးပြုကာ မော်တော်ဆိုင်ကယ်နှင့် အခြားသော ယာဉ်အများအပြားကို သိမ်းယူခဲ့သည်။

ပစ်ခတ်မှု ဖြစ်ပွားရာ စားသောက်ဆိုင်သည် မော်တော်ဆိုင်ကယ် ဂိုဏ်းများ အချင်းချင်း စုစည်းတွေ့ဆုံသည့် ဆုံချက်နေရာ တစ်ခုလည်းဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ချိန်တွင် စားသောက်ဆိုင် အနီး၌ ရဲတပ်ဖွဲ့ဝင်များ ရှိမနေကြောင်းလည်း ဆွမ်တန်က အတည်ပြုခဲ့သည်။ “စားသောက်ဆိုင် ပိုင်ရှင်က ရဲတွေကို မလိုလားဘူးလေ။ ဒါပေမဲ့ အဲဒီအတွက် ကျွန်တော်တို့ဘက်က မျက်ကွယ်ပြုထားရင် အခုလို ကိစ္စတွေ ကြုံလာနိုင်တယ် ဆိုတာကို အသိအမှတ်ပြုဖို့ လိုတယ်”ဟုလည်း ၎င်းက ပြောကြားသွားသည်။

7day daily

မှတ်ချက်များ