ကမ္ဘာ့လူသားများ အကြိုက်ဆုံးအရောင် အပြာရောင်


ကမ္ဘာ့လူသားများသည် အပြာရောင်ကို အကြိုက်ဆုံးဟု (၁၀) နိုင်ငံတွင် လုပ်ထားသော လေ့လာမှု စစ်တမ်းတစ်ရပ်အရ သိရသည်။

စစ်တမ်းကို YouGov စစ်တမ်း အဖွဲ့ က ကမ္ဘာ့တိုက်ကြီး လေးခုတွင် ဖြန့်ကျက်ပြီး (၁၀) နိုင်ငံတွင် သဘောထားစစ်တမ်း ကောက်ထားခြင်း ဖြစ်သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် အမှတ်ပေး လိုက်သောအခါတွင်ကား အပြာရောင်ကို လူကြိုက်အများဆုံး ဖြစ်ကြောင်း ရလဒ် ထွက်လာသည်။ အင်ဒိုနီးရှားနိုင်ငံသား (၂၃) ရာခိုင်နှုန်း၊ ဗြိတိန် (၃၃) ရာခိုင်နှုန်း ထိသည် အပြာရောင်ကို ကြိုက်ကြောင်း သိရသည်။

ဒုတိယ လူကြိုက်အများဆုံး အရောင်မူကား ဒေသအလိုက် ကွဲပြားမှု ရှိသည်။ အစိမ်းရောင်ကို ထိုင်း၊ တရုတ်နှင့် အမေရိကန်တို့က ကြိုက်ကြသည်။ အနီရောင်ကို အင်ဒိုနီးရှား၊ စင်ကာပူ၊ ဂျာမနီနှင့် ဗြိတိန်တို့က ကြိုက်ကြသည်။ ခရမ်းရောင်ကို ဟောင်ကောင်က ကြိုက်သည်။ မလေးရှား နှင့် သြစတြေးလျတွင်ကား ခရမ်းရောင်နှင့် အနီရောင်က ဒုတိယနေရာတွင် ပူးတွဲ ရပ်တည်သည်။

အနီ၊ အ၀ါ၊ အစိမ်းတို့ကို ကံကောင်းစေသော အရောင်များအဖြစ် သတ်မှတ်ကြသော တရုတ်နိုင်ငံတွင်ပင် လူကြိုက် အများဆုံးအရောင်မှာ အပြာရောင်ဖြစ်သည်။ စစ်တမ်းကို YouGov အဖွဲ့၏ ဗြိတိန်၊ အမေရိကန်၊ ဂျာမနီနှင့် အာရှပစိဖိတ် ဌာနတို့က ပူးပေါင်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။

ဟိန်းထက် - Messenger News Journal

မှတ်ချက်များ