ကမ္ဘာသူ ကမ္ဘာသားတွေ ရာသီဥတု ထိန်းသိမ်းကြဖို့ ဗာတီကန် နှိုးဆော်
ကမ္ဘာသူ ကမ္ဘာသားများ အထူးသဖြင့် နိုင်ငံရေး သမားများ အနေဖြင့် စီးပွား တိုးတက်မှုကို တွက်ချက်ရာတွင် ဂျီဒီပီကိုချည်း အလေး ပေးနေခြင်းသည် ကမ္ဘာကြီးကို ပျက်စီးအောင် လုပ်နေခြင်းမည်ကြောင်း ဗာတီကန် ကျောင်းတော်၏ သိပ္ပံဆိုင်ရာ အကယ်ဒမီက ဝေဖန် ပြောကြားလိုက်သည်။
နိုင်ငံများသည် တိုးတက်မှုကို ဂျီဒီပီဖြင့်သာ ဖော်ညွှန်းနေကြကြောင်း၊ ဂျီဒီပီတိုးဖို့ အဆုံးရှုံး ခံလိုက်ရသည့် ရေမြေ သယံဇာတများကိုကား ထည့်သွင်း တွက်ချက်ခြင်း မရှိကြကြောင်း သိပ္ပံ အကယ်ဒမီက ပြစ်တင် ပြောကြားလိုက်သည်။ ရေမြေ သယံဇာတများကို ကာကွယ်ရန် အစိုးရများတွင် တာဝန် ရှိသည်ဟု ဗာတီကန်သိပ္ပံ အကယ်ဒမီက ထောက်ပြသည်။
အကယ်ဒမီ၏ ထုတ်ပြန်ချက်သည် မကြာခင် ပုပ်ရဟန်းမင်း ဖတ်ကြားမည့် ရာသီဥတု ဆိုင်ရာ မိန့်ခွန်းနှင့်လည်း သဘောသွားချင်း ဆင်တူဖွယ် ရှိသည်။ ““နိုင်ငံ တိုးတက်မှုကို ဂျီဒီပီနဲ့ တိုင်းတာတဲ့ စနစ်ဟာ လုံးဝကို လွဲမှာ အသုံးမကျတဲ့ စနစ်ပဲ။ တိုးတက်မှု အတွက် စွန့်လိုက်ရတဲ့ ရေမြေသယံ ဇာတတွေကို ဂျီဒီပီဟာ လစ်လျူ ရှုထားတယ်။ ဂျီဒီပီဟာ ရတာကိုသာ တွက်ပြီး၊ ဆုံးရှုံး သွားတာကို စာရင်း ဖျောက်ထားတယ်”” ဟု ဗာတီကန် သိပ္ပံအကယ်ဒမီ၏ စိန့်ပီတာတွင် ကျင်းပသော အစည်းအဝေးတွင် ကိန်းဘရစ် တက္ကသိုလ် ဘောဂဗေဒ ပါမောက္ခ ပါသာဒါစ်ဂတ်ပတာက ပြောသည်။
““လူသားတွေဟာ ရာသီဥတုတွေ ပြောင်းလဲအောင် လုပ်ပြီး ကမ္ဘာကြီးကို ဂုဏ်ရည် ညှိုးနွမ်းအောင် ဖန်တီးနေတယ်။ ကမ္ဘာကြီးရဲ့ သဘောဝ ခြုံလွှာ သစ်တောတွေကို ဖျက်ဆီး ပစ်နေတယ်။ ရေထုကို အဆိပ်သင့်စေပြီး၊ လေထု၊ မြေထုကိုလည်း ညစ်ညမ်းစေတဲ့ နည်းနဲ့ ကမ္ဘာကြီး အပေါ် မကောင်းမှု ကျူးလွန်နေကြတယ်”” ဟု ဗာတီကန်မှ ဘုန်းတော်ကြီး ပီတာ တာ့ခ်ဆန်ကလည်း ဝေဖန် ပြောကြားသည်။
““တိုးတက်မှုကို ဂျီဒီပီနဲ့ချည်း ဖော်ကျူး နေတာကို ပြန်သုံးသပ်ကြဖို့ အချိန်ကျပြီ။ တိုးတက်မှုဟာ သဘာဝ ကိုရော အကျိုးပြုလား၊ လူဆင်းရဲ၊ ကလေးငယ်၊ အနာဂတ် မျိုးဆက်တွေကိုရော အကျိုးပြုရဲ့လား ချိန်ထိုး စဉ်းစားကြရမယ်။ ဒီလိုဘက်စုံ အကျိုး ပြုနိုင်တယ်ဆိုမှ တိုးတက်မှုလို့ သတ်မှတ်လို့ ရနိုင်မယ်”” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
messenger

မှတ်ချက်များ