ထိုင်းမင်းသမီး ကရဗီနဲ့ ဟစ်ဟော့အဆိုတော် လွှမ်းပိုင်တို့ ခေါင်းဆောင်တဲ့ ဇာတ်ကားတစ်ကား BO BO ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးဖို့ရှိ
ဂီတလောကမှာ ဖျော်ဖြေပွဲတွေ ကျင်းပပြုလုပ်တဲ့အပိုင်း၊ အခွေဖြန့်ချိတဲ့အပိုင်းနဲ့ပတ်သက်ပြီး BO BO Music Production ဆို မသိတဲ့သူ မရှိရလောက်အောင် လူသိများသလို စီစဉ်သမျှ ရှိုးပွဲတိုင်းကလဲ အောင်မြင်ခဲ့တာမို့ လက်ရှိမှာ ရုပ်ရှင်ထုတ်လုပ်ရေးဖက်ကိုပါ စတင် အခြေချနေပြီဖြစ်တဲ့ BO BO Film Production နဲ့ပတ်သက်ပြီး တာဝန်ရှိသူ ကိုဘိုစန်း အားမေးမြန်းဖြစ်တဲ့အခါ
-ထိုင်းမင်းသမီး ကရဗီနဲ့ လွှမ်းပိုင်နဲ့ ရိုက်မဲ့ကားလေးအကြောင်းကိုပြောပြပေးပါဦး။
အဲ့ဒါက ၂၁ လောက်မှ ရိုက်ဖြစ်မယ်။ ဇာတ်ညွှန်းက ဒီနေ့မှရမယ်။ ကျွန်တော်လဲ ဇာတ်ညွှန်းမရသေးတော့ အသေးစိတ်ပြောပြလို့ မရသေးဘူး။ အဓိကက လွှမ်းပိုင်နဲ့ ထိုင်းမင်းသမီး ကရဗီနဲ့ပါပဲ။ ရုပ်ရှင်ကားကြီးမဟုတ်ပဲ ဗီဒီယိုရိုက်ရတာက ကားကြီးက ရိုက်ဖို့အစီအစဉ်တော့ ရှိတယ်။ ဗီဒီယိုပဲဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ် ပရိသတ်ကို ချပြတဲ့ အနုပညာချင်းကတော့ အတူတူပါပဲ။ ရုပ်ရှင်ရိုက်ဖို့က လောလောဆယ် အဆင်သင့် မဖြစ်သေးတာလဲ ပါပါတယ်။ နောက်ပြီး ရက်လဲ အခက်အခဲရှိတယ်။ နောက်တစ်ကား ထပ်ရိုက်ဖြစ်ရင်တော့ ရုပ်ရှင်ဖြစ်မှာပါ။ ဒီကားက ဗီဒီယိုဆိုပေမဲ့ ဒီဇာတ်က လွှမ်းပိုင်နဲ့ကိုလူခေတ်နဲ့ပေါင်းပြီး လုပ်ထားတာပါ။ ထိုင်းမင်းသမီးကလဲ ဗီဒီယိုရိုက်ဖို့ကို သဘောတူပါတယ်။
-စကားပြော အခန်းတွေကျတော့ ပရိသတ်ကိုဘယ်လိုချပြဖြစ်မလဲ။
အင်္ဂလိပ်လိုပဲပြောမှာပါ။
-BO BO Production အနေနဲ့ရော လက်ရှိမှာ ဇာတ်ကားဘယ်နှစ်ကားလောက်ရိုက်ပြီးသွားပြီလဲ။
ဗီဒီယိုလောလောဆယ် ၃ ကားပြီးသွားပြီ။ ကားကြီး ၁ကားပြီးသွားပြီ။ ၇လပိုင်းလောက်စဖြန့်ဖို့ရည်ရွယ်ထားပါတယ်။ ကားကြီးက ဦးဇာဂနာ နဲ့ ဒါရိုက်တာညီညီထွန်းလွင်နဲ့ပါ။ ကျွန်တော်တို့ဒီနှစ်ထဲမှာ ကားကြီးအနေနဲ့ ၃ ကားလောက်ရိုက်ဖို့စီစဉ်ထားတယ်။
-ဂီတဖြန့်ချိရေးဖက်ကနေ ရုပ်ရှင်ထုတ်လုပ်ရေးဖက်ကို တိုးချဲ့လုပ်ကိုင်တဲ့အခါ ဘယ်လိုအခက်အခဲတွေ တွေ့ရသေးလဲ။
အားလုံးကကူညီပေးကြတယ်။ အဲ့ဒီအတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လဲ အကောင်းဆုံး လုပ်ထားတယ်။ ထွက်ရင်လဲ အားပေးကြပါဦးလို့ပြောချင်ပါတယ်။ ကျွန်တော်တို့ရိုက်ထားတဲ့ကား အားလုံးမှာ ဗီဒီယိုကားပေမဲ့ ၁၀ ဂျူတီအောက်ကို မရှိတာ၊ ၁၂ ဂျူတီ၊ ၁၄ ဂျူတီတို့ပေါ့။ သေချာကိုကောင်းအောင် အချိန်ပေးပြီး ရိုက်ထားတာပါ။ ဇာတ်လမ်းဇာတ်ညွှန်းက ဗီဒီယိုဆိုပေမဲ့ ကားကြီးနီးပါးကို ရိုက်ထားတာဖြစ်တဲ့အတွက် ပရိသတ်တွေ အခွေထွက်လာတဲ့အခါကျရင် သိမှာပါ။
-ဘယ်တော့လောက်ရော ဇာတ်ကားတွေကိုစဖြန့်ဖြစ်မလဲ။
၇လပိုင်းလောက်ဖြန့်ဖြစ်မှာပါ။ ကျွန်တော်တို့ကလဲ ဘာပြသနာရှိလဲဆိုတော့ လက်ထဲမှာ ၄ ကား ၅ ကားလောက်မရှိတော့ ပရိသတ်နဲ့အဆက်ပြတ်သွားမှာ စိုးရိမ်လို့ ကားတွေ စုနေတာပါ။ အခု သူတို့ကလဲ ရိုက်ရင်းတန်းလန်း ခရီးထွက်သွားတော့ အဲ့လို အခက်အခဲလေးတွေကြောင့်ပါ။
-ကိုဘိုစန်းတို့လုပ်ရင် ပေါက်တာများတော့ ဗီဒီယိုဖက်က ပရိသတ်တုန့်ပြန်မှုကိုရော ဘယ်လိုမျိုးလေးမျှော်လင့်ထားလဲ။
ကျွန်တော်တို့ကို အခုလိုအားပေးတဲ့အတွက် aကျးဇူးအများကြီးတင်ပါတယ်။ ရုပ်ရှင်နဲ့ပတ်သက်ရင် ခုမှကြိုးစားသင်ယူဆဲကာလပါ။ ဘာပဲပြောပြော ကျွန်တော်တို့လဲအစွမ်းကုန်တော့ကြိုးစားနေပါတယ်။ ကျွန်တော်တို့အနေနဲ့ နားမလည်သေးတဲ့အတွက်အမှားအယွင်းတော့ရှိနိုင်တယ်။ ရုပ်ရှင်လောကထဲက ဦးညီတို့၊ ကိုဝိုင်းတို့၊ ကိုအောင်ဇော်လင်းတို့ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။ ရဲရင့်အောင်တို့လွှမ်းပိုင်တို့ဆိုလဲ သူတို့လုပ်ချင်လား။ မလုပ်ချင်လားမသိဘူး။ ကျွန်တော်လုပ်ချင်တယ်ဆိုအမြဲအပင်ပန်းခံပေးတယ်။ သူတို့ကိုလဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။
-အဆိုတော်ထဲက သူတို့နှစ်ယောက်ပဲလား။ တခြားဘယ်သူတွေကိုရော စင်တင်ဖို့ရှိသေးလဲ။
အသစ်ခေါ်ဖို့ရှိတယ်။ ဒါပေမဲ့ မခေါ်နိုင်သေးဘူး။ ဈေးကွက်ငြိမ်သွားရင်တော့ မင်းသားရော ၊ မင်းသမီးရော အသစ် ထပ်တင်ဖို့ရှိပါတယ်။ အဆိုတော်တွေကလဲ ထပ်တင်ဖို့ရှိတယ်။ နောက်နှစ်လောက်ပေါ့။ သူတို့နှစ်ယောက်နဲ့တောင် တော်တော်လေး အချိန်က ညှိပြီးလုပ်ရတယ်။ ခုလဲ ရုပ်ရှင်ကားကြီးရိုက်ဖို့အတွက် မင်းသား၊မင်းသမီးချိတ်တာ မရဘူး။ သူတို့လဲ သူတို့အစီအစဉ်နဲ့သူတို့ သွားတာဆိုတော့ ကျွန်တော်တို့ကို ကူညီလို့မရဘူး။ အဲ့ဒါကြောင့် ကိုယ့်လူနဲ့ကိုယ်ရိုက်ဖြစ်တာပါ။ ကိုယ့်လူဆို ကိုယ်ဖြစ်ချင်တာကို အပူကပ်လို့ ရတယ်လေ။
-ဂီတဖက်ကိုရော ဘယ်လိုမျိုးလေး ဆက်လုပ်သွားဦးမလဲ။
ဂီတက ရှိုးတွေ ဆက်လုပ်ဖို့ရှိတယ်။ အခွေတွေကလဲ အဆိုတော်သစ်တွေလဲ ထွက်ဖို့ရှိတယ်။ နောက်လမှာဝေလထွက်မယ်။ ပြီးရင် 4 DVD ထွက်ဖို့ရှိတယ်။ 4 မှာ သရုပ်ဆောင်တွေက အများကြီး နာမည်ကြီးတွေရော၊ အသစ်တွေရော လူစုံပါတယ်။ ကျွန်တော်တို့အခွေမှာ ကူညီကြတဲ့သူတွေ များတယ်။ အဲ့ဒီယုံကြည်မှု တစ်ခုနဲ့ပဲ ရုပ်ရှင်ဖက်ကိုရောက်လာတာပါ။ တော်တော်များများက ကူညီပေးကြတယ်။ ဒါရိုက်တာတွေကအစ ကူညီပေးကြတယ်။ 4 ကိုလဲ ၇လပိုင်းလောက် မှန်းထားတယ်။
-ရုပ်ရှင်ထုတ်လုပ်ရေးက ဈေးကွက်တစ်ခုအရ လုပ်ဖြစ်တာလား။
ကျွန်တော်တို့ဈေးကွက်တစ်ခုအရ လုပ်မယ်ဆိုရင် ကျွန်တော်တို့ရိုက်နေတဲ့ပုံစံနဲ့မကိုက်နိုင်ဘူး။ ကျွန်တော်တို့ရိုက်တာ တစ်ဝက်လောက်ပြန်ရရင် ကံကောင်းတယ်လို့ပြောလို့ရတယ်။ သူများလို ၅ ရက်တစ်ကား၊ ၇ရက်တစ်ကား မဟုတ်ဘူးလေ။ ၁၄ ရက်တစ်ကားဆိုတော့ အခြေအနေကိုစောင့်ကြည့်ရဦးမှာပါပဲ။
-ဂီတဖက်ကလူတွေအပြင်သရုပ်ဆောင်ဖက်ကလူတွေနဲ့ရော လက်တွဲဖို့ရှိဦးမလား။
ရှိတောရှိတယ်။ ခက်တာကလဲ ရုပ်ရှင်ကလဲ သူ့အုပ်စုနဲ့သူသွားနေတာဆိုတော့ ကျွန်တော်တို့အနေနဲ့ကလဲ ဗြုန်းစားကြီး အစ်မကို ရိုက်ချင်တယ်ဆိုပြီး ခေါ်ရိုက်လို့မရဘူး။ ကျွန်တော်တို့မြင့်မြတ်ကို ကားကြီးချိတ်တယ်။ ဒါပေမဲ့ နောက်နှစ်ထိ ရိုက်ရက်က ပြည့်နေတယ်။ အဲ့ဒီလိုအခက်အခဲလေးတွေရှိတော့ တန်းပြီး ခေါ်ရိုက်လို့မရဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့လဲ ကိုယ်အုပ်စုနဲ့ကိုယ်ရိုက်ဖြစ်တာပါ။ သူတို့လဲ ရက်အဆင်ပြေရင်တော့ ကျွန်တော်တို့နဲ့လက်တွဲပြီး ရိုက်ဖြစ်မှာပါ။
ခင်ဆွေသက် - Trend Myanmar

မှတ်ချက်များ