တရုတ်မှ ဆန်အတုများ အာရှနိုင်ငံ အချို့သို့ ပျံ့နှံ့ရောက်ရှိနေဟု Straits Times သတင်းစာဖော်ပြ
တရုတ်နိုင်ငံမှ ဖြန့်ဖြူးတင်ပို့သည့် ဆန်အတုများသည် အာရှနိုင်ငံအချို့သို့ ပျံ့နှံ့ရောက်ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
ဆန်သည် လူအများအတွက် ကောင်းကျိုးဖြစ်ထွန်းစေသည့် စားနပ်ရိက္ခာတစ်ခု ဖြစ်သော်လည်း ပလပ်စတစ်ဆန်ဟု အမည်ပေးထားသည့် ယခုဆန်အတုများကမူ ဘေးအန္တရာယ် ကြုံနိုင်သည့်အပြင် အသက်ဘေးအတွက်ပါ ထိခိုက်နိုင်ကြောင်း စင်ကာပူ အခြေစိုက် Straits Times သတင်းစာက ဖော်ပြခဲ့သည်။
ပလပ်စတစ်ဆန်ဟု ခေါ်ဝေါ်ရခြင်းမှာ ဖန်တီးထားခြင်းမဟုတ်ဘဲ အာလူး၊ ကန်စွန်းဥတို့ကို ပလပ်စတစ်ကော်စေးနှင့် ပေါင်းစပ်ပြီး ပကတိ ဆန်လုံးများအသွင် တုပပုံသွင်းထား၍ ဖြစ်သည်။ အဆိုပါ ဆန်အတုသည် ချက်ပြုတ်ပြီးချိန်ထိ အတုမှန်း ခွဲခြားသိရန် ခက်ခဲနေတတ်ကြောင်းလည်း ယင်းသတင်းစာက ဆိုသည်။
အဆိုပါ ဆန်အတုများသည် အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့သို့ ရောက်ရှိခဲ့ပြီး ယခုအခါ စင်ကာပူနိုင်ငံသို့ပါ တင်သွင်းနေပြီဟု ကောလာဟလများ ထွက်ပေါ်လာကြောင်းလည်း Straits Timesက ရေးသားဖော်ပြခဲ့သည်။
ကျန်းမာရေး ပညာရှင်များက ဆန်အတုများ စားသုံးမိလျှင် သေဆုံးခြင်းထိ ဘေးဆိုးကြုံနိုင်ပြီး သို့မဟုတ်ပါကလည်း အစာခြေစနစ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း သတိပေးထားသည်။ မလေးရှား စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေး အခြေခံ စက်မှုဝန်ကြီးဌာနကမူ နိုင်ငံအတွင်းသို့ ဆန်အတုများ ဝင်ရောက်နေနိုင်ကြောင်း သတင်းများအတွက် တစ်စုံတစ်ရာ အထောက်အထား မတွေ့ရဟု ငြင်းဆိုထားသည်။
ဆန်စပါး တင်ပို့ရောင်းချမှု နယ်ပယ်နှင့် နီးစပ်သော သတင်းရင်းမြစ်များက ဆန်အတုများကို အရည်အသွေး စစ်ဆေးမှုများ တင်းကျပ်စွာ ဆောင်ရွက်သည့် စူပါမားကက်များနှင့် ဈေးကြီးများတွင် ရောင်းချခြင်းမျိုး မရှိဘဲ မလေးရှားတွင်မူ ဆိုင်ငယ်များ၌ လက်သိပ်ထိုး ရောင်းချမှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။
ဆန်အတု မှောင်ခို တင်သွင်းသူများသည် ရံဖန်ရံခါတွင် ဆန်အစစ်များနှင့် ရောနှောလာမှုများ ပြုလုပ်တတ်ကြောင်းလည်း သိရသည်။ အစားအသောက် အတုအပ ပြုလုပ်ခြင်းသည် တရုတ်နိုင်ငံနှင့် ပတ်သက်သည့် ကြီးမားသည့် ပြဿနာ တစ်ရပ်အဖြစ် ရှုမြင်နိုင်သည်။
၂၀၀၈ ခုနှစ် အတွင်းက တရုတ်နိုင်ငံတွင် မယ်လ်မင်းဓာတ် လွန်ကဲစွာ ထည့်သွင်းထားသည့် နို့မှုန့်အတုများကြောင့် မွေးကင်းစ ကလေးငယ် အနည်းဆုံး ၆ ဦးမျှ သေဆုံးခဲ့ပြီး ကလေးငယ် အများအပြား နာမကျန်း ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် နှစ်အတွင်းကလည်း အာရှ ဈေးကွက်ထဲတွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ကြက်ဥ၊ ဘဲဥ အတုများကို ဖော်ထုတ် တွေ့ရှိခဲ့ဖူးသည်။
7day daily

မှတ်ချက်များ