ဘင်္ဂါလီများကို နိုင်ငံသားများနှင့် တန်းတူဆက်ဆံရန် မြန်မာအစိုးရကို အမေရိကန်တောင်းဆို

Photo - ABC
မြန်မာအစိုးရ အနေဖြင့် ဘင်္ဂါလီများကို နိုင်ငံသားများနှင့်တန်းတူ အခွင့်အရေးပေး ဆက်ဆံသင့်ကြောင်း အမေရိကန် အစိုးရက တောင်းဆိုလိုက်သည်။

လှေစီးဘင်္ဂါလီများ ကိစ္စသည် အရှေ့တောင်အာရှ ဒေသ၏ အဓိက ပြဿနာတစ်ရပ် ဖြစ်လာသည့်နောက် အမေရိကန်အစိုးရက မြန်မာခေါင်းဆောင်အားလုံး လူ့အခွင့်အရေးနှင့် ပတ်သက်၍ ပြောဆိုရန် လိုအပ်လာပြီဟု ဇွန်လ ၃ ရက်တွင် တိုက်တွန်း ပြောကြားလိုက်သည်။

အစောပိုင်းတွင် လှေစီးဘင်္ဂါလီများ၏ မူလ မြစ်ဖျားခံရာ ဒေသသည် မြန်မာနိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂ ကိုယ်စားလှယ်တစ်ဦးက စွပ်စွဲခဲ့သော်လည်း မြန်မာအစိုးရဘက်က ယတိပြတ် ငြင်းဆိုခဲ့သည်။ ယခုအခါ ယင်းအရေးအခင်းတွင် အမေရိကန်ကပါ ကြားဝင် မှတ်ချက်ပေးလာခြင်း ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အန်းရစ်ချတ်က “ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသားတွေနဲ့ တန်းတူ ဆက်ဆံဖို့ လိုပါတယ်။ သူတို့အတွက် နိုင်ငံသား ကတ်ပြားတွေ၊ ပတ်စ်ပို့တ်တွေ လိုအပ်ပါတယ်။ ဒါမှသာ သူတို့ဟာ တခြား မြန်မာနိုင်ငံသားတွေနဲ့ တန်းတူ ဆက်ဆံခံရကြောင်း ရှင်းရှင်းလင်းလင်း ဖြစ်သွားမှာပါ”ဟု ပြောကြားခဲ့သည်။ သူမက ဘင်္ဂါလီများကို ရိုဟင်ဂျာ၊ မြန်မာကို ဘားမားဆိုသော ဝေါဟာရများဖြင့် သုံးနှုန်းသွားသည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာလ၌ ရွေးကောက်ပွဲ ကျင်းပရန် ရှိနေခြင်းကြောင့် နိုင်ငံရေး ပါတီများ အနေဖြင့် ယင်းအတွက် အာရုံစိုက်နေပြီး ဘင်္ဂါလီများ အရေးကို ကိုင်တွယ်ရာတွင် အားလျော့နေမည်ဟုလည်း ရစ်ချတ်က ဆိုသည်။ သူမက မြန်မာ့ခေါင်းဆောင် အားလုံးသည် ယခုကိစ္စကို လူ့အခွင့်အရေး အမြင်ဖြင့် ပြောဆိုစေလိုကြောင်းလည်း ပြောကြားခဲ့သည်။

“မြန်မာ့ ခေါင်းဆောင်တွေ အားလုံးက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောဆိုလာတာမျိုး၊ ဘင်္ဂါလီတွေကို ကူညီသင့်ကြောင်း သူတို့ သဘောပေါက် နားလည်လာတာမျိုးကို ကျွန်မတို့ မျှော်လင့်ပါတယ်။ ပင်လယ်ထဲက လှေတွေက ဒီဇင်ဘာလထိ စောင့်နေနိုင်မှာ မဟုတ်ဘူး။ လှေပေါ်က လူတွေဟာ အခုလောလောဆယ် အကူအညီ လိုအပ်နေပါတယ်”ဟုလည်း သူမက ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် ညီလာခံ တစ်ရပ်၌ လှေစီးဘင်္ဂါလီများ၏ ဇစ်မြစ်သည် မြန်မာနိုင်ငံမှဖြစ်ကြောင်း ကုလသမဂ္ဂ စွပ်စွဲချက်ကို မြန်မာ ကိုယ်စားလှယ် အဖွဲ့က ယတိပြတ် ငြင်းဆိုခဲ့သည်။

လှေစီးဘင်္ဂါလီများ အရေးနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု ပြုလုပ်မည် မဟုတ်သော်လည်း ထိုအရေးယူမှုမျိုးသည် သံတမန်ရေးရာ အသုံးချ ကိရိယာ တစ်ခုအဖြစ် အမြဲတမ်း ရှိနေမည်ဟုလည်း ရစ်ချတ်က ပြောကြားသွားသည်။

7day daily

မှတ်ချက်များ