ဘူးသီးတောင်သို့ ထွက်ခွာသည့် ဓည၀တီ (၂) သင်္ဘော ရေ၀င်ရာမှ အရေးပေါ် ရပ်နားလိုက်ရ

ယနေ့ မြင်ရသော ဓည၀တီ (၂) သင်္ဘော (ဓာတ်ပုံ- နိရဉ္စရာ)
ရေစုတ်စက်ဖြင့် ရေစုတ်နေစဉ် ( ဓာတ်ပုံ - နိရဉ္စရာ)

စစ်တွေမြို့မှ ဘူးသီးတောင်သို့ ထွက်ခွာမည့် သင်္ဘော ခရီးသည် ၃၀၀ နီးပါးခန့်ကို တင်ဆောင်ထားသည့် ဓည၀တီ (၂) သင်္ဘောသည် ရုတ်တရက် ရေ၀င်လာရာမှ ထွက်ခွာမည့် အစီအစဉ်ကို အရေးပေါ် ရပ်နား လိုက်ရသည်ဟု သိရသည်။

“ သင်္ဘောက ဘူးသီးတောင်ကို ခရီးသည်တွေကို တင်ပြီး ထွက်ခွာဖို့လုပ်နေစဉ်မှာဘဲ စက်လည်တဲ့ ၀င်ရိုးကနေ ရေတွေ ၀င်လာတဲ့ အတွက် အရေးပေါ် ရပ်နားလိုက်ရပါတယ်။ ၀င်လာတဲ့ ရေတွေကို ရေစုတ်စက်နဲ့ စုတ်ထုတ်နေရတယ်။ နံနက် ခုနှစ်နာရီက ထွက်မယ့် သင်္ဘော ၁၀ နာရီ ရှိပါပြီ မထွက်နိုင်သေးဘူး” ဟု ရသေ့တောင်သို့ လိုက်ပါမည့် ခရီးသည် တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။

သင်္ဘော ရေ၀င်ပြီး ၁၀ နာရီထိ မထွက်နိုင်ခွာနိုင်သေးသဖြင့် ခရီးသည်တချို့မှာ ပြန်သွားကြပြီဟု သိရသည်။
“ လူ ၆၀ နဲ့ ရ၀ အကြားတော့ ကုန်းပေါ် ပြန်တက်သွားကြပြီ။ သင်္ဘောကတော့ ပြင်နေတုန်းပါဘဲ။ ပြင်ပြီးရင် ထွက်မလို့ဆိုတဲ့ အတွက် လူတွေကတော့ စောင့်နေတုန်းပါဘဲ” ဟု ပြောသည်။

ခရီးသည် အမျိုးသမီးအား ဆက်သွယ်မေးမြန်းရာ “ မသွားရင် မရတဲ့ အတွက် သင်္ဘောပေါ်မှာ စောင့်နေပါတယ်။ သင်္ဘောကောင်းကောင်းတွေကို စီစဉ်ပေးဖို့ဘဲ အထက်လူကြီးတွေကို ပြောချင်ပါတယ်” ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ် သည် ရေလမ်းကို အဓိက အားနေရသော ပြည် နယ်တစ်ခု ဖြစ်သည်။ သို့သော် ခရီးသည် တင် အစိုးရ သင်္ဘော အများစုမှာ ဟောင်းနွမ်းနေသဖြင့် မကြာခဏ ပြသနာများ ပေါ်ပေါက်ကာ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဓည၀တီ (၂) သင်္ဘော အရေးပေါ် ရပ်နားလိုက်ခြင်းနှင့် ပတ်သက်ပြီးသက်ဆိုင်ရာသို့ ဆက်သွယ်ရာ အဆက်အသွယ် ရရှိခဲ့ခြင်း မရှိပါ။

နိရဉ္စရာ

မှတ်ချက်များ