ကလေးငယ်လေးတွေအပေါ်ယုံကြည်မှုနဲ့ကာကွယ်ပါ


(၁) မိမိသားသမီးကို ကြင်နာပါ… ကိုယ်ချစ်ကြောင်းပြပါ… နွေးနွေးထွေးထွေးဆက်ဆံပါ…. ကလေးတွေဟာ မိဘဆီက ကြင်နာတဲ့မေတ္တာကို မရရင် အခြားလူဆီမှာ ရှာတတ်ပါတယ်…

(၂) မိမိသားသမီးနဲ့ အနီးကပ်ဆုံးရှိတတ်တဲ့ မိတ်ဆွေများ၊ ဆွေမျိုးများအကြောင်းကို အမြဲသတိထားပြီး အကဲခတ်ပါ… ဘယ်လောက်ယုံကြည်ရတဲ့သူလဲဆိုတာ ဆုံးဖြတ်ပါ… ကိုယ့်ရဲ့ ခံစားမှု (instinct) ကို ယုံကြည်ပါ… ကိုယ့်စိတ်ထဲမှာ တစ်ခုခုမှားနေတယ်လို့ ထင်ရင် လူချင်းရင်းနှီးသူဖြစ်နေလို့သော်လည်းကောင်း၊ သူ့ရဲ့အပေါ်ယံလူနေမှုအဆင့်အတန်းကြောင့်သော်လည်းကောင်း “ဒါမျိုးလုပ်မယ့်သူမဟုတ်ပါဘူးလေ” ဆိုပြီး ဖော့မတွေးလိုက်ပါနဲ့….. သတိဆိုတာ ပိုတယ်မရှိပါဘူး…

(၃) ကလေးနဲ့ အကြောင်းမရှိဘဲ အချိန်အကြာကြီး ဖြုန်းချင်သူ၊ ကလေးကို လိုတာထက်ပိုပြီး အလွန်အမင်း စိတ်ဝင်စားပုံပြသူ၊ မုန့်ဖိုးကို အကြောင်းမရှိ အမြဲပေးသူ၊ ကစားစရာတွေ အမြဲဝယ်ပေးသူကို အထူးသတိထားပါ…. ကလေးကကိုယ့်ကို ခင်တွယ်လာအောင် ကြိုးစားတတ်ကြပါတယ်… အဲဒီလိုလူများနဲ့ ကလေးကို ၂ယောက်ထဲ မထားပါနဲ့….

(၄) ကလေးရဲ့ လျှို့ဝှက်အပ်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း (လိင်အင်္ဂါ)ကို ဘယ်သူ့ကိုမှ မထိမကိုင်စေဖို့ သင်ပေးပါ… ထိကိုင်ခံရရင်လည်း ချက်ခြင်းမိဘကိုပြောဖို့ သင်ပေးထားပါ…

(၅) ကိုယ့်ကလေးက အရင်ကချစ်ခင်ရင်းနှီးပြီးသား လူတစ်ယောက်ကို ရှောင်ဖယ်ရှောင်ဖယ်လုပ်နေရင် သတိထားပါ… ကလေးကို ချော့မေးပါ… ပွင့်ပွင့်လင်းလင်း မကြောက်မရွံ့ပြောရဲအောင် အားပေးပါ… လမ်းကြောင်းပေးတဲ့မေးခွန်းမျိုးကို ရှောင်ပါ…. ကလေးဆိုတာမျိုးဟာ ဟုတ်တယ်မဟုတ်လားလို့မေးရင် ဟုတ်တယ်လို့ဖြေပြီး မဟုတ်ဘူးမဟုတ်လားလို့မေးရင် မဟုတ်ဘူးလို့ လိုက်ဖြေတတ်ကြပါတယ်…. Open Question လိုမျိုး သူ့စိတ်ထဲရှိတာဖြေနိုင်အောင် ဖွင့်မေးပါ…

(၆) မိဘ (သို့မဟုတ်) အုပ်ထိန်းသူမဟုတ်တဲ့သူတစ်ယောက်ကို အရမ်းစွဲလမ်းချစ်ခင်ပြီး အဲဒီလူအကြောင်း တချိန်လုံးပြောနေရင်၊ အဲဒီလူဆီ တချိန်လုံးသွားချင်နေရင် သတိထားပါ….

(၇) ကိုယ့်ကလေးအနိုင်ကျင့်ခံရတယ်ထင်ရင် ချော့မေးပါ… ဘယ်တော့မှ (ဘယ်တော့မှ) မဆူပါနဲ့… ကြောက်အောင်မလုပ်ပါနဲ့… မစွပ်စွဲပါနဲ့…. ကြင်ကြင်နာနာမေးကြည့်ပါ…

(၈) ဘယ်သူက ဘယ်လိုခြိမ်းခြောက်ပြီး မပြောရဘူးပြောထားပါစေ ကြောက်စရာမဟုတ်ဘူးဆိုတာ ကလေးကို သိပါစေ…. များသောအားဖြင့် ကလေးတွေက ကြောက်ပြီး ပြန်မပြောရဲပါဘူး.. အဲဒီကြောက်စိတ်ကို ဖယ်ထုတ်ပေးပါ….

(၉) ကလေးက အနိုင်ကျင့်ခံရတယ်ပြောရင် ကလေးပြောတာ အကြွင်းမဲ့ယုံကြည်ပါ....သူပြောသူက ဂုဏ်သရေရှိလူကြီးဖြစ်ပါစေ…. ဆွေမျိုးအရင်းအချာဖြစ်နေပါစေ… ဆရာဆရာမဖြစ်နေပါစေ…. ကလေးအချင်းချင်းဖြစ်နေပါစေ
(ဥပမာ - ၁၃နှစ်အရွယ်ကလေးက ၅နှစ်ကလေးကို ကျုးလွန်တာ).... ကလေးကို ယုံပါ…

(၁၀) လက်ရှိအနိုင်ကျင့်မှုဆက်ရှိနေတယ်ဆိုရင် ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖြေရှင်းပေးပါ….

A Cool Moon

မှတ်ချက်များ