စစ်ရပ်စဲလိုက်ကြောင်း ကိုးကန့်တပ်မတော် ကြေညာ

ကိုးကန့်တပ်ဖွဲ့ဝင် တချို့ကိုတွေ့ရစဉ်။ Photo: AFP
ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA က အစိုးရတပ်မတော် နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို တစ်ဖက်သတ် စစ်ရပ်စဲလိုက်ကြောင်း ကြေညာချက်ထုတ်လိုက်ပါတယ်။

တရုတ်-မြန်မာနယ်စပ် အေးချမ်းတည်ငြိမ်ဖို့ နဲ့ ရွေးကောက်ပွဲမှာ အနှောင့်အယှက်မဖြစ်စေဖို့အတွက် ကိုယ့်ကိုကိုယ်ခုခံတာကလွဲပြီး ကိုးကန့်ဘက်က စတင်တိုက်ခိုက်မှာမဟုတ်ဘူးလို့ MNDAA အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြတ်လင်းက ပြောပါတယ်။

"အဓိကကတော့ တိုက်ပွဲတွေဟာ ကျေန်ာတို့က ထိုးစစ်မတိုက်ဘူး ဆိုတာကို တစ်နိုင်ငံလုံး သိအောင်အတွက်ပါ၊ ပြီးတော့ တရုတ်ဘက်ကလည်း ခဏခဏ မီဒီယာတွေမှာလည်းပြောတယ်၊ သူတို့နယ်စပ်ဘက်ကို တည်တည်ငြိမ်ငြိမ်လေး ဖြစ်စေချင်တယ်ဆိုပြီး ကမ်းလှမ်းထားတာတွေ့ပါတယ်၊ ကျနော်တို့ တိုက်ပွဲတွေကြောင့် မို့ ရွေးကောက်ပွဲကို အဟန့်အတားဖြစ်မှာ ကျနော်တို့ မလိုလားပါဘူးခင်ဗျ၊ ခံစစ်တွေချည်းပဲ တိုက်နေရတာပါ၊ တကယ်လို့ သူတို့ကလာတိုက်ရင်တော့ ကျနော်တို့ခုခံရမှာပေါ့"

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အနီးတ၀ိုက်မှာ ဦးဖုန်ကြားရှင်ရဲ့ ကိုးကန့်အဖွဲ့နဲ့ အစိုးရတပ်မတော်တို့အကြား ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၉ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အတွက် ဖေဖော်ဝါရီလ ၁၇ရက်နေ့ကစပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားပါတယ်။

RFA Burmese

မှတ်ချက်များ