အလောင်းဘေးကရသည့် ထူးဆန်းသော စာတစ်စောင်နှင့်အတူ သေဆုံးနေသော ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး
မကွေးတိုင်းဒေသကြီး ရေနံချောင်း မြို့မ မြောက်ရပ်ကွက် စလေကုန်းကမ်းနားလမ်း အိမ်အမှတ် (၂ဝ)၌ သေဆုံးနေသည့် အမျိုးသမီး အလောင်း တစ်လောင်းအား သေ မှုသေခင်းဖွင့် စုံစမ်းရာမှ လည်ပင်း ကို ညှစ်ခံရ သေဆုံးခြင်းဖြစ်ကြောင်း သိရ၍ တရားခံ ဖမ်းဆည်းနိုင်ရေး အတွက် ဆောင်ရွက်နေကြောင်း သိ ရသည်။
အဆိုပါ အမျိုးသမီးအလောင်း ကို ဇွန် ၇ ရက်က တွေ့ရှိရသဖြင့် ရေ နံချောင်းမြို့ မြို့မရဲစခန်းမှ သေမှု သေခင်း ရေးဖွင့်၍ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း အဆိုပါရဲစခန်းမှ သိရသည်။
''အလောင်းကို ရဲဆေးစာနဲ့တ ကွ ရေနံချောင်းဆေးရုံကို ပို့အပ်ပြီး သေမှုသေခင်း ရေးဖွင့် ဆောင်ရွက် ထားပါတယ်။ ဆရာဝန်ရဲ့ ရင်ခွဲစစ် ဆေးချက်အရ လည်ပင်းက လေပြွန် ကို လက်နဲ့ညှစ်လို့ သေဆုံးရကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် တရား ခံကို အမြန်ဆုံး ဖမ်းဆီးရမိအောင် စုံစမ်းဆောင်ရွက်နေပါတယ်''ဟု စ ခန်းမှူးက ပြောသည်။
အဆိုပါနေအိမ်၌ အမျိုးသမီး တစ်ဦး သေဆုံးနေကြောင်းသတင်း အရ ရေနံချောင်း မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်သန်းဝင်းနှင့် ရဲတပ်ဖွဲ့ ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ မှာ ၄င်းအိမ်၌နေထိုင်သူ ပဲကြော်လုပ် ငန်းလုပ်ကိုင်သူ အလုပ်သမ မနှင်း ဝေလှိုင် (၂၆)နှစ်ဖြစ်ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိရဟု ဆိုသည်။
အလောင်း၌ ကျောက်ဆူးပုံ လော့ကက်သီးပါ ရွှေဆွဲကြိုးတစ်ကုံး၊ နားကွင်းတစ်ရံ၊ ကျောက်နီတန်းပါ လက်စွပ်တစ်ကွင်းကို ဝတ်ဆင်ထား ပြီး အလောင်းနံဘေးတွင် HUAWEI အမျိုးအစား ဟမ်းဖုန်းတစ်လုံး၊ အ ဝတ်အစားတစ်စုံ၊ လက်ကျန် ငွေကျပ် ငါးသောင်းရှိ ထွန်းဖောင်ဒေးရှင်း ဘဏ် ငွေစုစာအုပ် တစ်အုပ်၊ အတွင်း ဘက်စာမျက်နှာ၌
'စခန်းမှူးကြီးနှင့် ဗိုလ်လေးခင်ဗျာ'ဟု အစချီထားကာ 'ကျွန်တော့်မိန်းမ၏ အဝတ်အစား များကို သင်္ဂြိုဟ်သည့်အခါဝတ်ဆင် ပေးရန်၊ ဝတ်ဆင်ထားသော ရွှေထည် ပစ္စည်းများကိုရောင်းပြီး ကုသိုလ်လုပ် ပေးရန်၊ ဘဏ်စာအုပ်အတွင်းရှိ ငွေ ၅ဝဝဝဝ အားထုတ်ပြီး ကုသိုလ်လုပ် ပေးရန်...တုတ်ကြီး'ဟု ရေးထား သော တရားစာအုပ် တစ်အုပ်တို့ကို တွေ့ရှိရကြောင်း ရေနံချောင်းမြို့မ ရဲစခန်းမှ သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဇွန် ၇ ရက် နံနက် ၁ဝ နာရီခွဲတွင် ရေနံချောင်း မြို့မရဲစခန်းမှ သေမှုသေ ခင်းအမှတ်စဉ် ၁/၂ဝ၁၅ ဖြင့် အမှု ဖွင့် ဆောင်ရွက်ထားရာမှ (ပ)၉ဝ/ ၂ဝ၁၅၊ ပြစ်မှုဥပဒေပုဒ်မ ၃ဝ၂ ဖြင့် ပြောင်းလဲ အရေးယူထားကြောင်း သိရသည်။
နေခြည်(မြစ်မခ) - TheYangonTimes

မှတ်ချက်များ