ဂီတ နားဆင်ခြင်းဟာ နှလုံးရောဂါ အတွက် ကုထုံးတစ်ခု ဖြစ်နေ


ဂီတ ဟာ နှလုံးရောဂါ ဖြစ်နေတဲ့ လူသန်းပေါင်းများစွာ ကို ကုသရာမှာ ကုထုံးတစ်ခု အဖြစ် အသုံးပြုနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုလိုက်ပါတယ်။

သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ ၁၀ စက္ကန့်စာ စည်းချက်သံတွေ ကို ထပ်ခါထပ်ခါ နားထောင်နေခြင်းဟာ သွေးဖိအား ပြောင်းလဲမှုတွေဖြစ်ပေါ်စေသလို နှလုံးခုန်နှုန်း မြန်နေတာကိုလည်း လျော့ကျစေနိုင်ပါတယ်။

Oxford တက္ကသိုလ်က နှလုံးရောဂါဆိုင်ရာ ပရော်ဖက်ဆာ Peter Sleight ဟာ သူ နှစ် ၂၀ ကျော်ကြာ ပြုလုပ်ထားတဲ့ ထို သုတေသနရဲ့ ရလဒ်တွေကို မန်ချက်စတာမြို့မှာ ပြုလုပ်မယ့် ဗြိတိန် နှလုံးသွေးကြောဆိုင်ရာ လူ့အဖွဲ့အစည်း (BCS) ရဲ့ ညီလာခံ မှာ တင်ပြသွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

သုတေသီတွေဟာ လူတွေကို မတူညီတဲ့ ဂီတ အမျိုးမျိုးတို့ကို နားဆင်စေပြီး တစ်ယောက်ချင်းစီရဲ့ သွေးဖိအား နဲ့ သွေးခုန်နှုန်း တိုင်းတာချက် တွေအပါအ၀င် နှလုံးသွေးကြောဆိုင်ရာ တုံ့ပြန်မှုတွေကို စစ်ဆေးကြည့်ခဲ့ကြပါတယ်။

တည်ငြိမ်တဲ့ ဂီတတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဂီတတွေရဲ့ တုံ့ပြန်မှုတွေကတော့ တူညီတဲ့ သက်ရောက်မှုတွေရှိနေခဲ့ပါတယ်။

ဂီတ ကုထုံးဟာ လူနာတွေကို စိတ်တည်ငြိမ်စေတဲ့အတွက် နှလုံးနဲ့ သွေးကြောတွေရဲ့ တုံ့ပြန်မှုတွေကို တည်ငြိမ်သွားစေတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။

ဗြိတိန် နှလုံး ဖောင်ဒေးရှင်းရဲ့ တွဲဖက် ဆေးပညာ ဒါရိုက်တာ ပရော်ဖက်ဆာ Jeremy Pearson ကတော့ စိတ်ဖိစီးမှုတွေဟာ နှလုံးသွေးကြော နဲ့ဆိုင်တဲ့ ရောဂါတွေမှာတော့ အဓိက ကျတဲ့ ကဏ္ဍ တစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် စိတ်ငြိမ်သွားစေတဲ့ ဂီတ လို သက်ရောက်မှုတွေဟာ ကုထုံးတစ်ခု အနေနဲ့ အသုံးပြုနိုင်သွားတာ ဖြစ်ပါတယ်။

( Mario ) - သစ်ထူးလွင်
Ref : Mirror

မှတ်ချက်များ