သီးနှံအထွက်တိုးစေရန် အမျိုးသားတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်၍ ယဇ်ပူဇော်ခဲ့သူများအား ရဲတပ်ဖွဲ့ လိုက်လံရှာဖွေ
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဂျာခန်ပြည်နယ် တွင် လယ်ယာသီးနှံ အထွက်တိုး စေရန်အတွက် အမျိုးသား တစ်ဦးကို ခေါင်းဖြတ်သတ်၍ ယဇ်ပူဇော် ခဲ့သူများအား ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ရန် လိုက်လံ ရှာဖွေလျက် ရှိကြောင်း သိရသည်။
သတ်ဖြတ်ခံ ရသူသည် အသက် ၅၅ နှစ်အရွယ် သီပါခါရီယာ အမည်ရှိ အမျိုးသား ဖြစ်ပြီး Orkas အမည်ရှိ လောကီပညာ များကို လေ့လာ လိုက်စားသည့် အဖွဲ့တစ်ဖွဲ့က ၄င်း၏ နေအိမ်သို့ ချိုးဖျက် ဝင်ရောက် လာခဲ့ပြီး ဒေသအတွင်း မိုး အလုံအလောက် ရွာသွန်းရန် နှင့် ကောက်ပဲသီးနှံများ စိုက်ပျိုး ဖြစ်ထွန်းရန် အတွက် ၄င်းကို သတ်ဖြတ်၍ ယဇ်ပူဇော် ခဲ့ခြင်း ဖြစ်ကြောင်း ခါရီယာ ၏ ဆွေမျိုး သားချင်းများ က ပြောသည် ဟု ဒေသတွင်း သတင်းဌာန တစ်ခု၌ ဇွန် ၃ ရက်က ဖော်ပြထားသည်။
ခါရီယာ သည် သတ်ဖြတ်ခံ ရပြီးနောက် ၄င်း၏ ဦးခေါင်းမှာ ပျောက်ဆုံးလျက် ရှိကြောင်းနှင့် အဆိုပါ Orkas အဖွဲ့သည် ယဇ်ပူဇော် ရာတွင် ကောက်ပဲ သီးနှံများ အထွက်တိုး စေရန်အတွက် လူများ၏ ဦးခေါင်းကို လယ်မြေများ အတွင်း မြှုပ်နှံလေ့ ရှိကြောင်း သိရသည်။
လူသားများကို ယခုကဲ့သို့ ယဇ်ပူဇော် ခြင်းသည် အိန္ဒိယနိုင်ငံ အတွင်းရှိ ကျေးလက်ဒေသ များတွင် ပျံ့နှံ့လျက် ရှိကြောင်း Hindustan Times သတင်းဌာန ၏ ဖော်ပြချက်အရ သိရသည်။
ယခုအခါ ရဲတပ်ဖွဲ့က လူသတ်မှု ကျူးလွန်ခဲ့သည့် အဆိုပါ Orkas အဖွဲ့မှ အဖွဲ့ဝင်များကို လိုက်လံ ရှာဖွေလျက် ရှိကြောင်း သိရသည်။
PyiChitThar

မှတ်ချက်များ