စင်ကာပူဆီးဂိမ်း မြန်မာ ရွှေ ၅၀ နှင့် နိုင်ငံအလိုက် အဆင့် ၅ မျှော်မှန်း

စင်ကာပူဆီးဂိမ်းမှာ မြန်မာအားကစားအဖွဲ့ ၃၀ ကျော်၊ အားကစားသမား ၅၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ဖို့ရှိပြီး လတ်တလော ထက်ဝက်ကျော် ရောက်ရှိယှဉ်ပြိုင်နေကြပြီလို့ အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောပါတယ်။

ဒီတကြိမ်ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့အနေနဲ့ ရွှေတံဆိပ် ၅၀ ရရှိပြီး နိုင်ငံအလိုက်အဆင့် ၅ မှာ ရပ်တည်နိုင်ဖို့ မျှော်မျန်းထားတယ်လို့ ဆိုပါတယ်။

“အခု စင်ကာပူမှာလုပ်တဲ့ ဆီးဂိမ်းမှာ ထိုင်းနဲ့ စင်ကာပူကို ကျော်ဖို့ခက်မယ်။ နောက်တခုက အဓိကပြိုင်ဘက် ၄ နိုင်ငံဖြစ်တဲ့ ဗီယက်နမ်၊ အင်ဒိုရယ်၊ မလေးရယ်၊ ဖိလစ်ပိုင်ရယ် အဲ့ဒီ ၄ နိုင်ငံထဲက ၂ နိုင်ငံကို ကျော်ဖြတ်နိုင်အောင် ကြိုးစားမယ်။ မှန်းထားတဲ့ ရွှေတံဆိပ် ၅၀ ရမယ်ဆိုရင် အဆင့် ၅ လောက်မှန်းတယ်။”

မြန်မာအိမ်ရှင်လုပ်ခဲ့တဲ့ ၂၀၁၃ ဆီးဂိမ်းမှာ မြန်မာအသင်းဟာ ရွှေတံဆိပ် ၈၀ ကျော်နဲ့ နိုင်ငံအလိုက် ဒုတိယအဆင့်မှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူဆီးဂိမ်းကို ဇွန်လ ၅ ရက်ကနေ ၁၆ ရက်ထိ ၁၁ ရက်ကြာ ကျင်းပပြုလုပ်မှာဖြစ်ပေမယ့် ဘောလုံးအပါအ၀င်တချို့အားကစားနည်းတွေ စတင် ယှဉ်ပြိုင်နေကြပြီး စင်ကာပူက ရွှေ ၂ ခုနဲ့ နိုင်ငံအလိုက် ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

စင်ကာပူဆီးဂိမ်းမှာ အားကစားနည်း ၃၆ မျိုး ထည့်သွင်းထားပြီး မြန်မာအားကစားအဖွဲ့က အားကစားနည်း ၃၁ မျိုးမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာဘောလုံးအသင်းဟာ ဇွန် ၂ ရက်က ပွဲဦးထွက် အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဆီးဂိမ်းပြိုင်ပွဲအကြို ရန်ကုန်သတင်းစာရှင်းလင်းပွဲမှာ ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူက မြန်မာဘောလုံးအသင်းအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်လောက်ထိ တက်နိုင်လိမ့်မယ်လို့ ခန့်မှန်းပြောကြားထားပါတယ်။

စင်ကာပူဆီးဂိမ်းမှာ မြန်မာအားကစားအဖွဲ့အနေနဲ့ အမြင့်ဆုံး ရွှေတံဆိပ် ၂၀ လောက်ပဲ ရနိုင်မယ်လို့ အားကစားကလောင်ရှင်တွေက သုံးသပ်ထားပြီး ဒီထဲ ရိုးရာလှေ၊ ခြင်းလုံးစတဲ့ အားကစားနည်းတွေ ပါဝင်ပါတယ်။

အခု ၂၈ ကြိမ်မြောက် စင်ကာပူဆီးဂိမ်းပြိုင်ပွဲဝင်မယ့် မြန်မာကစားသမားဦးရေဟာ အိမ်ရှင်အနေနဲ့ ပြိုင်ပွဲဝင်ခဲ့တုန်းကထက် ထက်ဝက်လျော့နည်းပြီး ၀င်ပြိုင်မှာဖြစ်ပါတယ်။

ရွှေအောင် - DVB

မှတ်ချက်များ